ကျိုက်ထို၊ ဇန်နဝါရီ ၅
မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်းရဲ့ စခန်းမှူးဒုရဲမှူးအောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ နှစ်ဖက်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို အ တည်ပြုပါတယ်။
ရေးမြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ သိမ်ဇရပ်-မုပ္ပလင်လမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တာပါ။
ခွင့်နဲ့ပြန်လာတဲ့ စခန်မှူးဒုရဲမှူး အောင်ကျော်စိုးဟာ ဇနီးဖြစ်သူရဲ့ သိမ်ဇရပ်မြို့ နေအိမ်ကနေ ကျိုက်ထိုမြို့ထဲ တစ်ဦးတည်းကားနဲ့လာပြန်စဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်။
ဖမ်းဆီးရမိထားတဲ့ စခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ ၁ သထုံခရိုင်ထံ လွှဲပြောင်းပေးထားတယ်လို့ ကျိုက်ထိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။
ဒုရဲမှူးအောင်ကျော်စိုးဟာ အရင်ကကျိုက်ထိုမြို့မရဲစခန်းမှာ စခန်းမှူးအဖြစ် တာဝန်ထမ်းခဲ့ပြီးနောက် အဲဒီနောက် ရေးမြို့မရဲစခန်းထံ ပြောင်းရွှေ့သွားခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ရေးမြို့မစခန်းမှူး ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဂိတ်ကို လမ်းမှားဝင်သွားတဲ့ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်က စစ်ဗိုလ်လင်မယားနှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာတော့ KNU က စစ်သုံ့ပန်းဥပဒေအနဲ့အညီ ထိန်းသိမ်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media