မော်လမြိုင် ၊ ဇန်နဝါရီ ၅
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှာ အခုနှစ်အစပိုင်းမှာပဲ လျှပ်စစ်မီးပြတ်တောက်မှု တစ်နေ့ တခြားအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသတွင်း လျှပ်စစ်မီးရရှိမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ တစ်ရက်ကိုအလှည့်ကျစနစ်နဲ့ ၈ နာရီဝန်းကျင်ရရှိခဲ့ရာမှ ဒီဇင်ဘာလအတွင်းကစတင်ပြီး တစ်ရက်ကို ၄ နာရီဝန်းကျင်လောက်သာ ရရှိတော့တာ ဖြစ်ပါတယ်။
အခုနှစ်အစမှာတော့ လျှပ်စစ်မီးရရှိချိန်ဟာ တစ်ချိန်ကို ၂ နာရီ ဝန်းကျင်လောက်သာရရှိပြီး ၁၀ နာရီဝန်းကျင် ပြတ်တောက်လာသလို လျှပ်စစ်မီးရရှိချိန်မမှန်တာ၊ အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ အခက်ကြုံနေရပါတယ်။
“မီးကတော့ တစ်နေ့ကိုအနည်းဆုံး ၂ နာရီ၊ ၃ နာရီလောက်ပဲရတယ်။ ဒီမှာထမင်းဟင်းချက်တဲ့သူတွေတောင်မှ အကုန်လုံးထင်းတွေနဲ့ တည်နေရတာပေါ့။ စားရေးသောက်ရေးတော့ တော်တော်လေး ခက်ခဲတာပေါ့။ မီးနဲ့လုပ်ရတဲ့ အလုပ်တွေဆိုလည်း ဒီဆီဖိုးတွေ ပိုကုန်တာပေါ့။ မီတာခလည်းဆောင် ဆီဖိုးလည်းကုန်ပေါ့” လို့ ဆိုပါတယ်
ပြည်နယ်အတွင်းမှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်လာပေမယ့် စစ်ကောင်စီရဲ့ ပြည် နယ် လျှပ်စစ်ဖြန့်ဖြူရေးဌာနဘက်ကတော့ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။
မွန်ပြည်နယ် ဒေသခံနောက်တစ်ဦးကလည်း လျှပ်စစ်မီးပြတ်လပ်မှု ပိုမိုဆိုးရွားလာတာကြောင့် ပြည်သူတွေ ပိုမိုဒုက္ခရောက်နေရတယ်လို့ ပြောပါတယ်။
“မီးကပြတ်ချင်တဲ့အချိန် ပြတ်တယ်။ လာချင်တဲ့ အချိန်လာတယ်။ ပြည်သူတွေမှာလည်း မဖြစ်မနေ မို့လို့သာယူပြီး သုံးနေရတာ အမှန်တိုင်းဆိုရင် ဒီမီးကို ဘယ်သူမှတောင် မသုံးချင်တော့ဘူး။ အဲဒီလောက်ထိ ဖြစ်လာတာပေါ့နော်။ ပြည်သူတွေလည်း တော်တော်ဒုက္ခရောက်ပါတယ်။ စိတ်တွေလည်း ပင်ပန်းပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ဓာတ်အားပေးစက်ရုံနဲ့ ဓာတ်အားလိုင်းတွေ အဆင့်မြှင့်တင်တာ၊ တိုးချဲ့တည် ဆောက်ပြီး ပြုပြင်ထိန်းသိမ်းတာတွေကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောင်ရွက်ရတာကြောင့် ထုတ်လုပ်မှုစရိတ် မြင့်မားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး မီတာခတွေကို နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံခဲ့တာပါ။
လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံနေပေမယ့် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်လာနေသလို လျှပ်စစ်မီးပြတ်တောက်မှုအတွက် စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ တစ်စုံ တစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးဘူး။
မွန်ပြည်နယ်မှာတော့ လျှပ်စစ်မီးရရှိမှုဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က နေ့စဉ်ပုံမှန်နီးပါးရရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးရရှိမှု တစ်နေ့တခြား အခြေအနေပိုဆိုးလာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ