မော်လမြိုင် ၊ ဇန်နဝါရီ ၅
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ် မြေနဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာဖို့ စစ်ကောင်စီ ဖိတ်ခေါ်ချက် ယုံကြည်စရာမရှိဘူးလို့ ပြည်သူတွေက ပြောပါတယ်။
အင်အားချိနဲ့မှုနဲ့အတူ စိုးမိုးနယ်မြေများစွာ ဆုံးရှုံးနေရတဲ့ စစ်ကောင်စီက အာဏာသက်ရောက်မှု လျော့ကျလာနေတဲ့အခြေအနေမှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးကို ရောက်ရှိနေသူတွေ ပြန်လာကြဖို့ ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
စစ်တပ်ကနေ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ကျောင်းသူကျောင်းသားတွေ၊ လူငယ်လူရွယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေဟာ EAO တွေရှိတဲ့နေရာတွေနဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒါဟာ NLD ပါတီဝင်တွေ ထောက်ခံသူတွေ CRPH နဲ့NUG တို့အပါအဝင် ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ခြောက်လှန့်မှုတွေကြောင့် စိုးရိမ်စိတ်နဲ့ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ကြေညာချက်မှာ စွပ်စွဲအပြစ်ဖို့ထားတာပါ။
တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေမှာ ရောက်ရှိနေတဲ့ CDM ဝန်ထမ်းတစ်ဦးက စစ်ကောင် စီရဲ့ မတရားဖမ်းဆီးမှုနဲ့ စစ်မှုထမ်းရမှာကြောက်လို့ ရှောင်တိမ်းနေရတာမို့ လုပ်ရပ်ကို ကြည့်ရင် မယုံကြည်နိုင်ဘူးလို့ ပြောပါတယ်။
“အဝေးရောက်နေသူတွေသာခေါ်ပြီး ပြည်တွင်းမှာ နေ့စဉ်လုပ်ကိုင်စားသောက်နေတဲ့ လူငယ်တွေသာမက ဘယ်လိုအရွယ်နေနေ စစ်မှုထမ်းဥပဒေအရ အတင်းကို ဖမ်းဆီးခံနေရတာက နေ့စဉ်နဲ့အမျှ အကြုံနေရတာ။ အရင်ကဆိုရင် မြို့ပေါ်လောက်ပဲပေါ့။ အခုနောက်ပိုင်း တောရွာတွေကနေ ဈေးဝယ်တွေ အလုပ်လုပ်သွားတဲ့သူတွေ ကားတွေ ဆိုင်ကယ်တွေကို ဖမ်းဆီးခံရတာတွေက နယ်မှာ ကြားနေရတာဆိုတော့ လုပ်ရပ်ကသက်သေပြနေတယ်။ ပါးစပ်ကသာ ဒီလိုပြောနေပေမယ့် တကယ့်လုပ်ရပ်တွေက ရွံစရာကောင်းအောင်လုပ်နေတာ။ သူ့ရဲ့လုပ်ရပ်ကိုကြည့်ပြီး ပြည်သူတစ်ယောက်အနေနဲ့ လုံးဝ ၁၀၀ ရာခိုင်နှုန်းထက်ကျော်ပြီး မယုံကြည်နိုင်ဘူး။ ယုံကြည်မှုလုံးဝမရှိဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ တိမ်းရှောင်နေသူတွေဟာ ရောက်ရှိတဲ့နေရာတွေမှာ လုံခြုံရေးအာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝခက်ခဲမှုတို့နဲ့ ရင်ဆိုင်နေရတာမို့ မိမိတို့နေရပ်အသီးသီးကို ပြန်လာလိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဝါဒဖြန့်ထားတာပါ။
ဒါဟာ ပြည်ပမှာ အခက်အခဲဖြစ်နေတဲ့ နိုင်ငံသားတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတယ်ဆိုတဲ့ ပြယုဂ်ကို နိုင်ငံတကာကသိအောင် လုပ်ဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေပြန်လာပြီး မဲပေးနိုင်တဲ့အခြေအနေရောက်အောင် ပုံဖော်နေတာလို့ ထောက်ပြကြပါတယ်။
အာဏာသိမ်းယူမှုအတွင်း တော်လှန်ရေးအဖွဲ့ တွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းနဲ့ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူတွေကလွဲရင် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေကြတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ အခြားနယ်ပယ်အသီးသီးကပုဂ္ဂိုလ်တွေ၊ နိုင်ငံသားတွေကိုသက်ညှာစွာ ဖြေလျှော့ပေးသွားမယ်လို့ စစ်ကောင်စီ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်ဒေသမှာရောက်ရှိနေတဲ့ လူငယ်တစ်ဦးက အကျပ် အတည်းတွေနဲ့ ကြုံလာရင် စစ်ကောင်စီလုပ်နေကျ ပုံစံမို့ မယုံကြည်ဘူးလို့ ပြောပါတယ်။
“ဘယ်အခြေအနေရောက်ရောက် စကစနဲ့ဆို ယုံကြည်မှုကို မရှိတာဗျ။ မရှိဘူးဆိုတာ အရင်ကလည်း ဒီလိုအခက်အခဲမျိုး ကြုံလာရင် သူတို့ကထွက်ပေါက်ရတဲ့နည်းနဲ့ ရှာမှာပဲ။ ရတဲ့နည်းလမ်း ကောက်ကျစ်တဲ့ပုံစံနဲ့ သူတို့ကထွက်ပေါက်ရအောင်ရှာပြီး ပြည်သူတွေကို ဆွဲဆောင်တဲ့သဘောနဲ့ လုပ်ဆောင်နေတာ အရင်ကသင်ခန်းစာတွေလည်း ရှိခဲ့တာပေါ့” လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီဘက်က ကြေညာချက် ထုတ်ပြန်လာတဲ့အပေါ် ပွင့်လင်းမြင်သာမှုရှိဖို့ နိုင်ငံတ ကာက လက်ခံနိုင်တဲ့ စံနှုန်းသတ်မှတ်ချက်တွေအပေါ် အာမခံချက်ရှိမရှိမူတည်ပြီး ပြည်သူလူထုက ကွဲကွဲပြားပြား သိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ပြစ်မှုကျူးလွန်ထားသူတွေကလွဲရင် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူတွေအနေနဲ့ ပြည်တွင်းရှိ မိမိနေရပ်ကို ပြန်လည်ဝင်ရောက်လိုရင် နီးစပ်ရာ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီတွေကို ဆက်သွယ်နိုင်သလို ပြည်ပရောက်သူတွေကတော့ သက်ဆိုင်ရာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ စစ်ကောင်စီက အသိပေးထားတာပါ။
တပ်အင်အားလိုအပ်ချက်အရ ပြီးခဲ့တဲ့နှစ်မှာ စစ်ကောင်စီအသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ အင်အားအလုံးအရင်းနဲ့ ပြည်ပနိုင်ငံတွေကို လမ်းကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာမှုဆက်တိုက် မြင့်တက်လာနေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၁၆၀ မှုရှိခဲ့ပြီး ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၀ ကျော် ရှိတယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media