မော်လမြိုင်၊ ဇန်နဝါရီ ၄

နိုင်ငံတဝန်းမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီက နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ အရပ်သားပြည်သူ ၇၈၁ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီက အမျိုးသမီး ၂၁၃ ဦး၊ အမျိုးသား ၅၆၇ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦးကို နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခဲ့တာပါ။

အဲဒီထဲမှာ ၂၂ ဦးသာ ပြန်လွတ်လာခဲ့ပြီး ၇၅၉ ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရကာ ရန်ကုန်တိုင်းမှာ ဖမ်းဆီးခံရသူ ၂၀၈ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ ဖမ်းဆီးခံရသူ ၁၂၅ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြို့နယ် အမှတ် ၃၈ ရပ်ကွက်နေ ကိုခန့်ဇေယျာလင်းကို စစ်ကောင်စီက နိုင်ငံရေးနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၉ ရက်နေ့မှာ စစ်ခုံရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၄၉ (ဂ) အရ သေဒဏ်ချမှတ်ခဲ့ပြီး အဲဒီနေ့မှာပဲ ၅၀ (ည)၊ ၅၂ (က)၊ ၅၁ (က) တို့နဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း ဖမ်းဆီးခံရသူ ၂၈၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.