မော်လမြိုင် ၊ ဇန်နဝါရီ ၃

ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ VPN ထူထောင်တာနဲ့ အီလက်ထရောနစ်နည်းပညာအသုံးပြုပြီး အွန်လိုင်းရာဇဝတ်မှု ကျူးလွန်သူတွေအတွက် စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ ၁ ရက်နေ့မှာ အတည်ပြုပြဌာန်းလိုက်ပါတယ်။

ဥပဒေအရ VPN သုံးစွဲမှုကန့်သတ်ချက်အပါအဝင် ဆိုက်ဘာအလွဲအသုံးစားလုပ်တာ၊ အွန်လိုင်းငွေကြေးခိုးယူတာနဲ့ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း ပြုလုပ်ရင်ထောင်ဒဏ်နဲ့ ငွေ ဒဏ်တွေ ချမှတ်မယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အခုလို ဥပဒေတွေ ပြဌာန်းထားပေမယ့် မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာဆက်သွယ်နေမှုအပါအဝင် သတင်းစီးဆင်းမှုတွေကို ထိန်းချုပ်ချင်တာလို့ ထောက်ပြကြပါတယ်။

စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကတော့ အီလက်ထရောနစ်နည်းပညာတွေ အသုံးပြုပြီး ဆိုက်ဘာလုံ ခြုံရေးကို တိုက်ခိုက်တာကြောင့် နိုင်ငံ့အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုကို ထိရောက်စေခြင်းကနေ ကာကွယ်ဖို့နဲ့ ဆိုက်ဘာမှုခင်းတွေကို ထိရောက်စွာ စုံစမ်းအရေးယူနိုင်ဖို့ဆိုပြီး ဖော်ပြထားတာပါ။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ တာဝန်ရှိသူ မဇက်ပီက သတင်းအချက် အလက်မျှဝေရာမှာ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ အရေးယူတာတွေ လုပ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သေချာတယ် ဖုန်းတွေ အချိန်မရွေး ယူစစ်နိုင်တယ်။ VPN သုံးနေတာဆိုရင် ဒီနေ့ ပြဌာန်းတဲ့ ဥပဒေနဲ့ တရား စွဲဆိုတာတွေ၊ ဒဏ်ကြေးရိုက်တာတွေ၊ နောက်ဆုံး ထောင်ဒဏ်အကျဉ်းချတာကအစ လုပ်လာနိုင်တယ်။ နောက်ဆုံး အီလက်ထရောနစ်နည်းပညာ အသုံးပြုပြီး သတင်းအချက်အလက်မျှဝေတဲ့ ကိစ္စရပ်မှာဆိုရင် ဥပဒေကို လွယ်လင့်တကူ အသုံးပြုပြီးတော့ မည်သူတစ်ဦးတစ်ယောက်ကိုမဆို သူတို့ရဲ့ ဥပဒေနဲ့ ကိုက်ညီဖို့ ဒီဥပဒေ ချိုးဖောက်နေပါတယ်ဆိုပြီး ပြစ်ဒဏ်ပေးတာ အရေးယူတာတွေ အများကြီး လုပ်လာနိုင်တယ်” လို့ ဆိုပါတယ်။

ဥပဒေမှာတော့ ခွင့်ပြုချက်မရှိဘဲ VPN ထူထောင်တာ ဒါမှမဟုတ် VPN ဝန်ဆောင်မှုပေးသူတွေအတွက် ထောင်ဒဏ် တစ်လကနေ ခြောက်လအထိ၊ ငွေဒဏ် ကျပ် ၁၀ သိန်းကနေ ကျပ်သိန်း ၁၀၀ အထိ ချမှတ်ခံရမှာဖြစ်သလို ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမှုနဲ့သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ်လို့ ဥပ ဒေမှာ ပြဋ္ဌာန်းထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က VPN နဲ့ ပတ်သက်ပြီး စစ်ကောင်စီအုပ်ချုပ်နိုင်သေးတဲ့ နယ်မြေတွေမှာ အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

“ဒါကတော့ ဘယ်တတ်နိုင်မလဲ။ သူ့အထဲမှာ နေရတာကိုး။ ရခိုင်တို့ ဘာတို့မှာ သွားလုပ်ကြည့်ပါလား။ ကချင်တို့ ရှမ်းတို့ဘက်မှာ သွားလုပ်ကြည့်ပါလား ပါးတောင် ရိုက်လွှတ်ဦးမယ်။ သူတို့အုပ် ချုပ်နိုင်သေးတဲ့ နယ်တွေမှာတော့ အဲဒီလိုအန္တရာယ်ရှိတာပေါ့” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook လူမှုကွန်ရက်ကို အာဏာသိမ်းပြီးချိန်ကတည်း က ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတွေနဲ့ အင်တာနက်ကွန်ရက် ကုမ္ပဏီတွေကို စစ်ကောင် စီက ဖိအားပေးပြီး ပိတ်သိမ်းခိုင်းခဲ့တာပါ။

အဲဒီနောက်ပိုင်း ပြည်တွင်းနေထိုင်သူတွေဟာ သတင်းစီးဆင်းမှုနဲ့ သတင်းအချက်အလက်သိပိုင်ခွင့်အတွက် Facebook လူမှုကွန်ရက်ကို VPN နဲ့ တစ်ဆင့်ခံပြီး အသုံးပြုနေရတာ သုံးနှစ်ကျော်လောက်ရှိပါပြီ။

ဒါကြောင့် ဆိုရှယ်မီဒီယာတွေကနေ သတင်းအမှောင်ချဖို့နဲ့ ဝါဒဖြန့်ချိရေးလှုံ့ဆော်မှုတွေမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီက ဆိုက်ဘာဥပဒေပြဌာန်းပြီး Facebook ကို အပြည့်အဝပိတ်ပင်နိုင်ဖို့ VPN အသုံးပြုမှုကို ဖြတ်တောက်ကြိုးပမ်းနေတာပါ။

ပြည်သူတစ်ဦးကတော့ ထုတ်ပြန်လိုက်တဲ့ ဥပဒေကြောင့် Facebook မှာ သတင်းအချက်အလက်သိပိုင်ခွင့်နဲ့ အသုံးပြုခွင့်အတွက် အကုန်ဒုက္ခရောက်သွားမယ်လို့ ပြောပါတယ်။

“ဒီလိုမျိုးဆိုရင် ကျွန်တော်တို့မှာ အင်တာနက်နဲ့ ဆိုင်တဲ့ဟာတွေ ဖုန်းဖွင့်ခွင့်မရှိဘူးဆိုရင် (သတင်းအချက်အလက်သိပိုင်ခွင့်အတွက်) အကုန်လုံး ဒုက္ခရောက်သွားမှာပေါ့။ အဓိက ကျွန်တော်တို့ Facebook တွေဘာတွေသုံးတာ VPN ခံပြီးမှ သုံးနေရတာလေ။ ဒါက သူတို့မှာ ပြည်သူလူထုတွေကို ပိတ်ဆို့ထားတဲ့သဘော ဖြစ်သွားတာပေါ့။ ပြည်သူလူထုရဲ့ အခွင့်အရေးတွေ အင်တာနက်လိုင်း အသုံးပြုဖို့ဆိုရင် အခွင့်အရေးနည်းသွားတယ်လေ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေနှောင်းပိုင်းမှာလည်း ပြည်တွင်းနေ ပြည်သူတွေ Facebook လူမှုကွန်ရက်ကို ဆက်လက်အသုံးပြုလို့မရနိုင်အောင် စစ်ကောင်စီက VPN တွေကို Secure Web Gateway SWG နဲ့ ဖွင့်ပြီး တရုတ်နည်းပညာအကူအညီနဲ့ တားဆီးပိတ်ပင်ခဲ့သေးတာပါ။

ဒါပေမယ့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ VPN တွေကို ဆက်လက်အသုံးပြုလို့ ရနေသေးတာကြောင့် မိုဘိုင်းဖုန်းတွေမှာ VPN ဆော့ဝဲအသုံးပြုနေကြသူတွေကို စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်တွေမှာ ကြုံသလို စစ်ဆေးပြီး ငွေညှစ်တာတွေလည်း ရှိနေပြန်ပါတယ်။

ဒီအခြေအနေကြောင့် ပြည်သူတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို နားလည်သဘောပေါက်ဖို့ သေသေချာချာ ဖတ်ရှုသင့်သလို ဒီဂျစ်တယ်လုံခြုံရေးအတွက်လည်း အလေးပေးသင့်တယ်လို့ ထောက်ပြတာလည်း ရှိနေတာပါ။

လက်ရှိ စစ်ကောင်စီပြဌာန်းလိုက်တဲ့ ဥပ‌ဒေထဲမှာ မရိုးမဖြောင့်သဘောနဲ့ ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြုပြီး အခြားသူရဲ့ အွန်လိုင်းငွေကြေး ခိုးယူတာ ဒါမှမဟုတ် အခြားသူကိုပြုလုပ်ဖို့ ခိုင်းစေတာကို ထောင်ဒဏ် ၂ နှစ်ကနေ ၇ နှစ်အထိ ချမှတ်မယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ရင်လည်း ထောင်ဒဏ် ၆ လကနေ တစ်နှစ်အထိ၊ ကျပ်သိန်း ၅၀ ကနေ သိန်းနှစ်ရာအထိ ဒဏ်နှစ်ရပ်လုံး ချမှတ်မယ့်အပြင် သက်သေခံ ပစ္စည်းတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အများပြည်သူကြည့်ရှုဖို့ မသင့်လျော်တဲ့ သတင်းအချက်အလက်တွေကို အီလက်ထရောနစ်နည်းပညာနဲ့ ဖြန့်ဝေတာ၊ ပေးပို့တာ၊ ကူးယူတာ ဒါမှမဟုတ် ရောင်းချတာပြုလုပ်ရင် ထောင်ဒဏ် တစ်လကနေ ခြောက်လအထိ ကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမယ်လို့ ပြဌာန်းထားတာပါ။

မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း ဒါရိုက်တာနိုင်အိုင်းမွန်က ပြည်သူတွေကို မြေပြင်ရော ဝေ ဟင်မှာပါ ဒုက္ခပေးနေတဲ့ စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ အများပြည်သူအကျိုးကို လက်တွေ့ အကာအကွယ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.