smart

မော်လမြိုင် ၊ ဇန်နဝါရီ ၃

မွန်ပြည်နယ်မှာ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မကောက်နိုင်တဲ့ ဒေသတွေအတွက် ခန့်မှန်းခြေလူဦးရေ လေးသိန်းကျော် ထည့်သွင်းထားကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ သိရပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ ရှေ့ပြေးလူဦးရေ စာရင်းအရ ပြည်နယ်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်တဲ့ လူဦးရေ ၁၂ သိန်း ၈ သောင်းကျော် ရှိပြီး ၄ သိန်း ၃ သောင်းကျော်ကို သန်းခေါင် စာရင်း ကောက်ယူနိုင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ ဒေသတွေကို ခန့်မှန်းခြေ လူဦးရေစာရင်း ပေါင်းထည့်ရတာဟာ နယ်မြေဒေသလုံခြုံရေး အခြေအနေအရ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ခြင်း မရှိတာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဝန်ခံထားပါတယ်။

ခန့်မှန်းခြေ လူဦးရေစာရင်းကိုတော့ အနီးစပ်ဆုံး ထင်ဟပ်ပေါ်လွင်စေဖို့အတွက် စနစ်တကျ လုပ် ဆောင်ခဲ့ပြီး အခုလိုလုပ်ဆောင်တဲ့နေရာမှာလည်း နိုင်ငံတကာအသုံးပြုတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို အသုံးပြုပြီး ERS နည်းပညာနဲ့ခန့်မှန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှေ့ပြေးလူဦးရေစာရင်းအရ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျိုက်ထို၊ ရေး၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ သထုံမြို့နယ်တွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ နေရာတွေ ရှိတာကြောင့် အဲဒီဒေသတွေရဲ့တချို့နေရာတွေမှာ ခန့်မှန်းကောက်ယူမှု များတာကို တွေ့ရပါတယ်။

စစ်ကောင်စီ ထုတ်ပြန်တဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ မွန်ပြည်နယ်မှာ လူဦးရေ ၁၇ သိန်းကျော် ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ နှိုင်းယှဉ်ရင် လူဦးရေနှစ်သိန်းကျော် လျော့ကျသွားတာပါ။

နိုင်ငံအတိုင်းအတာအရ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၄၅ မြို့နယ်ကိုသာ အပြည့်အဝ သန်းခေါင်စာ ရင်း ကောက်ယူနိုင်ခဲ့တာဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၄၄ ရာခိုင်နှုန်းသာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၃၁ သန်း ရှိပြီး အဲဒီထဲမှာ လူဦးရေ ၁၉ သန်းကျော်ကို သန်းခေါင်စာရင်း မကောက်နိုင်ခဲ့ဘူးလို့ ဝန်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.