ဆီဆိုင်၊ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ အခြေစိုက်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ PNLA က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၃၁ ရက် မနက် ၁၁ နာရီအချိန်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလေးလုံး ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PNLO/PLNA ဌာနချုပ်အတွင်းရှိ အများပြည်သူတွေကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA က ဆိုပါတယ်။
စစ်ကောင်စီဟာ PNLO/PLNA ထိန်းချုပ်နယ်မြေအတွင်း အခြေပြုနေထိုင်နေတာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းအရင်းမရှိ တမင်သက်သက် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဌာနချုပ် ဗုံးကြဲတိုက်ခိုက်မှုခံရတဲ့ ဖြစ်စဉ်အတွင်း လူ တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ရဲ့ PNLO သတင်းရင်းမြစ်တွေက ပြောပါတယ်။
PNLO/PNLA ဟာ အပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်ပြီး လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLA