မော်လမြိုင်၊ ဒီဇင်ဘာ ၃၁
နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ လုံလောက်တဲ့ ဆေးကုသမှု မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၃၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ အကျဉ်းဦးစီးဝန်းထမ်းတွေရဲ့ ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အကျဉ်းသားတွေ သေဆုံးခဲ့ရတာပါ။
PPNM ရဲ့ ထုတ်ပြန်ချက်အရ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသူ ၃ ဦး၊ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးနဲ့ LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး၊ စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မတရား ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်အတွင်းနဲ့ ထောင်ပြင်ပမှာ သတ်ဖြတ်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသား ၈ ဦးနဲ့ အကျဉ်းသူ ၁ ဦး သေဆုံးခဲ့ပါတယ်။
တစ်ဖက်မှာလည်း အကျဉ်းဦးစီးဌာနဝန်းထမ်းတွေနဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ အခြားရာဇဝတ်အ ကျဉ်းသားမှ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး ၁၄၈ ဦး ရိုက်နှက်ခံရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အကျဉ်းထောင်တွေမှာ အကျဉ်းသားအခွင့်အရေး တောင်းဆိုမှုကြောင့် အကြောင်းအမျိုးမျိုးပြ ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၅၄ ဦး ရှိခဲ့တယ်လို့ PPNM က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်း လေးနှစ်နီးပါးကာလအတွင်း နိုင်ငံတဝန်းမှာ မတရား ဖမ်းဆီးခံရသူ ၂၈၀၀၀ ကျော်အထိ ရှိလာပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ဖမ်းဆီးခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media