သထုံ၊ ဒီဇင်ဘာ ၃၁
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ အုတ်ဖိုလုပ်ငန်းရှင်ရှစ်ဦးကို စစ်ကောင်စီတပ်က နေ အိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်ကစပြီး သုဝဏ္ဏဝတီမြို့ရှိ အုတ်ဖိုလုပ်ငန်းရှင်ရှစ်ဦးကို တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံရတဲ့ အုတ်ဖိုလုပ်ငန်းရှင်တွေဟာ ဦးထွန်းနိုင်၊ ဦးကြည်ခိုင်အပါအဝင် လုပ်ငန်းရှင် ရှစ်ဦး ဖြစ်ပြီး သထုံအခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းထံ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေကတော့ အုတ်ဖိုလုပ်ငန်းရှင် ရှစ်ဦး ဖမ်းဆီးခံရတာဟာ လုပ်ငန်းလိုင်စင်မယူဘဲ အုတ်ဖိုလုပ်ငန်းလုပ်ကိုင်မှုကြောင့် ငွေညှစ်ဖို့ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အုတ်ဖိုလုပ်ငန်းရှင် ဦးထွန်းနိုင်ဟာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သထုံမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံလူငယ်တွေကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အနည်ဆုံး ၄၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် သထုံမြို့ပေါ် ရပ်ကွက်တွေအပါအဝင် ကျေးရွာတွေဘက်မှာလည်း ညပိုင်းအချိန် အပြင်ထွက်သွားလာသူတွေ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media