သထုံ၊ ဇန်နဝါရီ ၁

မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ လျှပ်စစ်မီတာခ အကြွေးကျန်ရှိတဲ့ ကျေးရွာတွေကို သုံးလအ တွင်း အရစ်ကျစနစ်နဲ့ ပေးဆောင်ဖို့နဲ့ မပေးဆောင်ပါက မီးဖြတ်မယ်လို့ စစ်ကောင်စီက ထပ်မံခြိမ်း ခြောက်လာပါတယ်။

သထုံခရိုင်အတွင်းရှိ မီတာခအ‌ကြွေးကျန်ရှိတဲ့ ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းရေးကော်မတီတွေကို စစ်ကောင်စီက ဒီဇင်ဘာလကနေ လာမယ့်ဖေဖော်ဝါရီလအထိ သုံးလအပြီးနဲ့ သုံးရစ်ခွဲကာ မီ တာခ မဖြစ်မနေပေးဆောင်ဖို့ ဖိအားပေးလာတာပါ။

မီးလင်းရေးကော်မတီတွေကိုလည်း အကြွေးကျန် မီတာခပေးသွင်းမယ့်အကြောင်းနဲ့ နောက်ပိုင်းသုံးစွဲမယ့် မီတာယူနစ်တွေအတွက် အကြွေးမဖြစ်‌ပေါ်ရေး ဆောင်ရွက်ဖို့ ခံဝန်လက်မှတ်ရေး ထိုးခိုင်းနေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ကျေးရွာမီးလင်းရေးကော်မတီ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီဖိအားပေးမှုကြောင့် စည်းရုံးပြီး ငွေကြေးလိုက်လံကောက်ခံနေရပေမယ့် အသက်အန္တရာယ် စိုးရိမ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ မီတာခသုံးသိန်းနဲ့အထက်ကျန်တဲ့ နေအိမ်တွေကို မီးဖြတ်တာ၊ ငါးသိန်းနဲ့အထက်ကျန်တဲ့ နေအိမ်တွေကို မီတာပုံးဖြုတ်သိမ်းတာတွေ လုပ်ဆောင်နေပါတယ်။

မွန်ပြည်နယ် သထုံခရိုင်က မြို့နယ်တွေမှာ မီတာခကြွေးကျန် အများဆုံးဖြစ်နေတာကြောင့် အကြွေးကျန် နေအိမ်တွေကို မီးဖြတ်ဖို့ ပြည်နယ်လျှပ်စစ်ညွှန်ကြားရေးမှူးက ဖိအားပေးစေခိုင်းနေပြီး မလုပ်နိုင်သူတွေ ရာထူးကနေ နုတ်ထွက်ဖို့အထိ ဆဲဆိုကြိမ်းမောင်းတာတွေ ရှိနေတယ်လို့ ဝန်ထမ်းတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.