မော်လမြိုင် ၊ ဇန်နဝါရီ ၁
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ဖမ်းဆီးပြီးနောက် ခြိမ်းခြောက်ငွေညှစ်တာအပြင် လူတွေကိုပါအမှုဖွင့်အရေးယူတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာတတိယအ ပတ်လောက်က စတင်ပြီး စီမံချက်နဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမှုတွေ ပြု လုပ်နေတာပါ။
ဖမ်းဆီးတဲ့ နေရာမှာတော့ လိုင်စင်မဲ့မော်တော်ကားတွေအပြင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးပြီး ကျပ်သိန်းဆယ်ချီတောင်းခံကာ ပြန်လွှတ်ပေးတာရှိသလို တချို့ဖြစ်စဉ်တွေမှာတော့ လူကိုပါ ဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အမည်မဖော်လိုတဲ့ ရေးဒေသခံတစ်ဦးက လိုင်စင်မဲ့မော်တော်ယာဉ်တွေ ဖမ်းဆီးရာမှာ ဆိုင်ကယ်အမျိုးအစားအပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၅ သိန်းကနေ သိန်း ၃၀ အထိ တောင်းခံတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ဆိုင်ကယ်က ဒီမှာက သူတို့ကစီမံချက်နဲ့ ဖမ်းတာလေ။ စီမံချက်ဆိုတာက အဖွဲ့စုံနဲ့ဖမ်းတာလည်း ရှိတယ်။ ဆိုင်ကယ်အပေါ် မူတည်ပြီးတော့ ၅သိန်းကနေ သိန်း ၃၀ လောက်အထိပေးရတယ်။ ဆိုင်ကယ်ကောင်းရင် ကောင်းသလိုပေးရတယ်။ ဒီအချိန်က သူတို့က တခြားစစ်မှုထမ်းကိစ္စတွေလည်း လူလိုတယ် ဟုတ်လား။ အဲဒါတွေလည်း သူတို့ကအဆင်မပြေရင် ဖမ်းဆွဲထားတာလည်း ရှိတယ်လေ။ တချို့ကတော့ ဆိုင်ကယ်ရောလူရော ခေါ်ထားတာတွေ ရှိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဒေသခံတွေရဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အကြောင်းအ မျိုးမျိုးပြ ဖမ်းဆီးနေပေမယ့် သူတို့နဲ့ နီးစပ်သူတွေ လိုင်စင်မဲ့မော်တော်ယာဉ် စီးနင်းပါက ဖမ်းဆီးတာမရှိဘူးလို့ သူကဆက်ပြောပါတယ်။
အမည်မဖော်လိုတဲ့ သထုံဒေသခံတစ်ဦးကလည်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ်အပြင် ဘေးတွဲတွေကိုပါ မြို့ဝင်မြို့ထွက်အပြင် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း ရှောင်တခင်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ဖမ်းတာတော့ ဖမ်းတယ်။ လိုင်စင်မဲ့ကားတွေ ဖမ်းတယ်။ ဆိုင်ကယ်တွေ ဖမ်းတယ်။ ဘေးတွဲတွေ ဖမ်းတယ်။ ဂိတ်တွေမှာ အဲဒီလိုမျိုးပေါ့ဖမ်းတယ်။ ဘေးတွဲတွေ ဘာတွေကျတော့လည်း မိန်းလမ်းမပေါ် တက်လို့ ရှိရင်ဖမ်းတယ်။ အဲဒီလိုမျိုးပေါ့ တကယ့်သူတို့က ရှောင်တခင် မထင်ရင်မထင်သလို ဝင်ဝင်ဖမ်းတယ်” လို့ ဆိုပါတယ်။
ပြည်နယ်အတွင်းက လိုင်စင်မဲ့ မော်တော်ယာဉ်အများစုဟာ နယ်စပ်တွေကတဆင့် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်အမျိုးမျိုးကို ငွေကြေးပေးဆောင်ပြီးမှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အာဏာသိမ်းကာလအတွင်းမှာတော့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့အကြီးအကဲတွေကအစ ဦးဆောင်တင်သွင်းတာတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီ အရာရှိတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ