ထားဝယ်၊ ဒီဇင်ဘာ ၂၉
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မေတ္တာ -ထီးခီးနယ်စပ်လမ်းကို ကော်သူးလေတပ်မတော် KTLA ဘက်က ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။
မေတ္တာမြို့ကစပြီး ထီးခီးနယ်စပ်အထိ လမ်းမကြီးကို ယာဉ်ကြီး၊ ယာဉ်ငယ် ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကော်သူးလေတပ်မတော် KTLA ဆာကဆောတပ်မ ဆာခီးလာဌာနချုပ်က ထုတ်ပြန် လာတာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက် မလိုက်နာဘဲ ဖြတ်သန်းသွားမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုရှိရင် လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ကော်သူးလေတပ်မတော် KTLA က သတိပေးထားပါတယ်။
ဒါပေမယ့် မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်မှုနဲ့ ပတ် သက်ပြီး ကော်သူးလေတပ်မတော် KTLA က တစ်စုံတစ်ရာ ဖော်ပြထားတာမရှိပါဘူး။
မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်ပင်မှုကြောင့် ကုန်စည်စီဆင်းမှုအပါ အဝင် ထိုင်းနိုင်ငံဘက်ကို သွားမယ့် ရွှေ့ပြောင်းအလုပ်သမားတွေလည်း အခက်အကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလမ်းပိုင်း ပိတ်ပင်မှုဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ နဲ့ KTLA တပ်ဖွဲ့ဝင်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံး သပ်မှုတွေ ရှိနေတာပါ။
KNLA နဲ့ KTLAတပ်တို့ဟာ ဒီဇင်ဘာတတိယအပတ်အတွင်း ထားဝယ်-ထီးခီးလမ်းပိုင်းဗားမဲ့တောင် အနီးဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း KTLA ဘက်က ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၄ ဦးကိုလည်း KNLA ဘက်က ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ