ဘားအံ၊ ဒီဇင်ဘာ ၂၈

ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရရှိတာဟာ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့တွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပြီး ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဌာနချုပ်ဟောင်းကြီးကို သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့အခွင့်အလမ်း မိမိတို့လက်ထဲကို ပြန် လည်ရောက်ရှိလာပြီဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

မာနယ်ပလောဒေသ ပြန်လည်ရရှိမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးရဲ့ ပြောကြားချက်ရုပ်သံကို KNU ဗဟိုက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပဒိုစောကလယ်စေးက မာနယ်ပလော ပြန်လည်ရယူတဲ့နေရာမှာ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရပြီး အခုလိုအောင်မြင်မှုဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစု အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့်လို့ ပြောပါတယ်။

မာနယ်ပလောကို KNU က ၁၉၇၀ ကျော်ကာလမှာ ဗဟိုဌာနချုပ်အဖြစ် အတည်တကျသတ်မှတ်ထားရှိတာဖြစ်ပြီး အဲဒီအခါတုန်းက မာနယ်ပလောဒေသထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေဟာ ပူးပေါင်းပြီး အင်အားကောင်းကောင်း စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ စစ်အုပ်စုကို နိုင်ငံရေးအရ စစ်ရေးအရ တော်လှန်နိုင်ခဲ့တဲ့အတွက် စစ်အုပ်စုဟာ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုဟာ ၁၉၉၁ ခုနှစ်မှာ မာနယ်ပလောကို ထိုးစစ်တစ်ကြိမ် ၊ ၁၉၉၂ ခုနှစ်မှာ နဂါးမင်းစစ်ဆင် ရေးအဖြစ် ထိုးစစ်တစ်ကြိမ်စတဲ့ ထိုးစစ်ဆင်မှုတွေ စစ်အုပ်စုက အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ရာ မအောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ KNU အဖွဲ့အစည်းထဲ DKBA ဖြစ်ပေါ်လာပြီးနောက် အချင်းချင်းပြန်လည်တိုက်ခိုက်ခဲ့ရတဲ့အတွက် မာနယ်ပလောကို လက်လွှတ်လိုက်ရတာဖြစ်တယ်လို့ ပဒိုစောကလယ်စေးက ဆိုပါတယ်။

KNU ဌာနချုပ်ဟောင်း မာနယ်ပလောမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို အခုနှစ် နှစ်လယ်ပိုင်းကစပြီး KNLA KNDO တော်လှန်ရေးအင်အားစုတို့က တစ်ခုပြီးတစ်ခု ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဟာ မခံနိုင်တော့ဘဲ နောက်ဆုံးမှာတော့ ပွိုင့်-၉၁၃ (နို့ဒေး)စခန်းမှာ ပြန်လည်စုစည်းနေထိုင်ခဲ့တာပါ။

ပွိုင့်-၉၁၃ (နို့ဒေး)စခန်းကို KNLA KNDO တော်လှန်ရေးအင်အားစုတို့က ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ပွိုင့်-၉၁၃ (နို့ဒေး)စခန်း သိမ်းပိုက်နိုင်မှုကြောင့် နှစ်ပေါင်း ၃၀ နီးပါးအကြာ လက်လွှတ်ထားရတဲ့ မာနယ်ပလော ဒေသတစ်ခုလုံးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU/ Saw Kaw

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.