မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် PDF ရဲဘော် ၇ ဦးကျဆုံး

မင်းတပ်၊ ဒီဇင်ဘာ ၂၈

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းမှ ပြည်သူ့ကာ ကွယ်ရေး ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ရင်းက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး မင်းတပ်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ မင်းတပ်မြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီး မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၇ ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၆၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့ပြီး ၁၂၂ မမ ဟောင်ဝစ်ဇာ လက် နက်ကြီး အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အဲ့ဒီစစ်ဆင်ရေးမှာ အာရက္ခတပ်တော်မှ စစ်ကူ၊ စစ်လက်နက်ခဲယမ်း၊ စစ်ရေးဆိုင်ရာ အ ကြံဉာဏ်တွေကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ယောဒေသတော်လှန်ရေးတပ် Yaw Defense Force – YDF၊ Yaw Army (YA) နဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ချင်းညီနောင် စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ Yaw Army ကလည်း မင်းတပ်၊ ကန်ပက်လတ်နဲ့ မတူပီဒေသ လွတ်မြောက်ရေးနဲ့အတူ ယောဒေသပြည်သူတွေလွတ်မြောက်ဖို့အတွက် မဟာမိတ်အဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး စစ်ရေးအရှိန်မြင့်တင်သွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မုံရွာခရိုင် အမှတ် ၃ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.