မော်စကို၊ ဒီဇင်ဘာ ၂၇

အားသွင်းဘက်ထရီတွေနဲ့ စာရွက်စာတမ်း ခေါက်သိမ်း ကိရိယာတွေလို ပုံဖျက်ထားတဲ့ ဗုံးတွေနဲ့ မော်စကိုမြို့ရှိ အဆင့်မြင့် ရုရှားအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထား လုပ်ကြံ သတ်ဖြတ်နိုင်ဖို့ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြံအစည်တွေကို တားဆီးနိုင်ခဲ့ကြောင်း ရုရှား ဖက်ဒရယ် လုံခြုံရေးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ ရုရှား နျူကလီးယား၊ ဇီဝလက်နက်နဲ့ ဓာတုလက်နက် ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ကီရီလော့ဗ်ကို ယူကရိန်း ထောက်လှမ်းရေးဌာနက သူ့ရဲ့ နေအိမ်တိုက်တန်း အပြင်ဖက်မှာ ဗုံးတပ်ဆင်ထားတဲ့ စကူတာ တစ်စီး ရပ်ထားပြီး အဝေးထိန်း ခလုပ်နဲ့ ဖောက်ခွဲကာ လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုနောက်ကွယ်မှာ မိမိတို့ ပါဝင်ကြောင်း ယူကရိန်း ထောက်လှမ်းရေးဌာနက အတည်ပြုထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီ လုပ်ကြံ သတ်ဖြတ်မှုဟာ ယူကရိန်းရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ရုရှားဘက်က ပြောဆိုထားပြီး လက်တုံ့ပြန်မယ်လို့ ကြွေးကြော်ထားပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ယူကရိန်း ထောက်လှမ်းရေးဌာနရဲ့ ကြိုးပမ်း ကြံစည်မှု တော်တော်များများကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှား လုံခြုံရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို တိုက်ခိုက်ဖို့ ကြံစည်ရာမှာ ပါဝင်ခဲ့တဲ့ ရုရှားနိုင်ငံသားလေးဦးကိုလည်း ဖမ်းဆီးထားပြီး ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ယူကရိန်း ထောက်လှမ်းရေးက သူတို့နိုင်ငံသားတွေကို စည်းရုံး စုဆောင်းနေတယ်လို့ ရုရှားထောက်လှမ်းရေးက ပြောပါတယ်။

မော်စကိုမှာရှိတဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေကို တိုက်ခိုက်ဖို့ ကြံစည်ထားတဲ့ နေရာတွေက သိမ်းဆည်းရမိတဲ့ ပစ္စည်း တစ်ခုဟာ သယ်သွားလို့ရတဲ့ အားသွင်းဘက်ထရီအဖြစ် ပုံဖျက်ထားတဲ့ ဗုံး ဖြစ်နေတယ်လို့ ရုရှား ထောက်လှမ်းရေးက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရက်စွဲ အတိအကျကို အသေအချာ မသိရပေမယ့် သံသယရှိသူတွေထဲက တစ်ဦးကတော့ သူဟာ တိုက်ခိုက်ရာမှာ သုံးမယ့် ဖောက်ခွဲရေးပစ္စည်းကို ဒီဇင်ဘာ ၂၃ ရက်မှာ လက်ခံရရှိခဲ့တာလို့ ထွက်ဆိုထားကြောင်း ရုရှား ထောက်လှမ်းရေးက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.