ဘန်ကောက်၊ ဒီဇင်ဘာ ၁၁
အနာဂတ်မှာ စစ်တပ် အာဏာသိမ်းမှုတွေကို ကြိုတင် ကာကွယ်နိုင်ဖို့ အာဏာရ ဖူထိုင်းပါတီ လွှတ်တော်အမတ် တစ်ဦး တင်သွင်းတဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဥပဒေကြမ်းကို ညွှန့်ပေါင်းအဖွဲ့ဝင် UTN ပါတီနဲ့ အတိုက်အခံ PPRP ပါတီတို့ကပါ ကန့်ကွက်ခဲ့ကြပါတယ်။
UTN ပါတီ လွှတ်တော်အမတ် ပြောရေးဆိုခွင့်ရှိသူက ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကိစ္စရပ်တွေမှာ နိုင်ငံရေးသမားတွေ ကြားဝင်စွက်ဖက်ခွင့်ရစေမယ့် ဘယ်ဥပဒေကြမ်းကိုမဆို မိမိတို့ ကန့်ကွက်မှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အခု ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ Move Forward ပါတီရဲ့ အရင်က အလားတူ တင်သွင်းတဲ့ ဥပဒေကိုလည်း UTN ပါတီက ကန့်ကွက်ခဲ့ဖူးပါတယ်။
လက်နက်ကိုင်အဖွဲ့တွေဟာ အဓိက နိုင်ငံတော် အဖွဲ့အစည်းတွေ ဖြစ်တာကြောင့် လုံခြုံရေး စိုးရိမ်ရတဲ့အတွက် နိုင်ငံရေးသမားတွေ ဝင်မပါသင့်ဘူးလို့ UTN ပါတီက ပြောပါတယ်။
အဲဒီ ဥပဒေကြမ်းကို ပြဌာန်းလိုက်ရင် စစ်တပ်ကို အားလျော့သွားစေမှာ ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအပေါ် နိုင်ငံရေးအရ တလွဲအသုံးချမှုတွေဆီ ဦးတည်သွားနိုင်တယ်လို့ PPRP ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။
နှစ်စဉ် စစ်ဗိုလ်ချုပ်တွေကို အပြောင်းအလဲ ပြုလုပ်ရာမှာ နိုင်ငံရေးသမားတွေ အနေနဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲတွေထက် အာဏာ ပိုရှိလာစေမယ့် ဥပဒေကြမ်း ဖြစ်တယ်လို့ PPRP ပါတီက ပြောကြား ပါတယ်။
လက်ရှိ ဥပဒေတွေအရ စစ်တပ် အကြီးအကဲတွေအနေနဲ့ စစ်ဗိုလ်ချုပ်တွေကို အပြောင်းအလဲ ပြုလုပ်ရေး ဘုရင်ကို တင်ပြခွင့် ရှိနေပြီးသား ဖြစ်တယ်လို့ PPRP ပါတီက ပြောဆိုထားပါတယ်။
အာဏာသိမ်းတဲ့ လုပ်ရပ်တွေကို သဘောမကျတာကြောင့် အခုဥပဒေကြမ်းကို တင်သွင်းရတာ ဖြစ်တယ်လို့ ဖူထိုင်းပါတီ အမတ်က ဆိုပါတယ်။
အဲဒီ ဥပဒေကြမ်းအရ စစ်တပ်အတွင်း ရာထူးနေရာ အပြောင်းအလဲ ပြုလုပ်ဖို့ စစ်တပ် အကြီးအကဲတွေရဲ့ အဆိုပြုချက်ကို အစိုးရအဖွဲ့က လက်ခံ အတည်ပြုပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
Ref:Bangkokpost