ဆိုးလ်၊ ဒီဇင်ဘာ ၁၁
တောင်ကိုရီးယားသမ္မတရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နေရာမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ တရားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ဟာ ထိန်းသိမ်းရေးစင်တာမှာ အောက်ခံအဝတ်အစားကို သုံးပြီး ဒီဇင်ဘာ ၁၀ ရက်က ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ အဲဒီ အရာရှိက ပြောဆိုလိုက်တာပါ။
သမ္မတ ယောင်ဆွတ်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့ပြီးနောက် လွှတ်တော်အမတ်တွေက ချက်ချင်း အစည်းအဝေးခေါ်ပြီး မဲခွဲဆုံးဖြတ် ကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီနောက် တောင်ကိုရီးယား ရဲတပ်ဖွဲ့က သမ္မတရုံးကို ဝင်ရောက် စီးနင်းပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ သမ္မတကို စုံစမ်းစစ်ဆေးနေပါတယ်။
ရာထူးက နုတ်ထွက်သွားပြီးဖြစ်တဲ့ ဝန်ကြီးဟောင်း ကင်ယွန်ဟွန်ဟာ သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ခေတ္တကြေညာမှုမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အတိုက်အခံအမတ်တွေဆီက စာရွက်စာတမ်းတွေနဲ့ အကြီးတန်း စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ဦးရဲ့ သတင်းအချက်အလက်အရ ကင်ဟာ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာဖို့ သမ္မတကို အဆိုပြုခဲ့တယ်လို့ သိရပါတယ်။
သမ္မတက စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြီးနောက်မှာ တောင်ကိုရီးယား နိုင်ငံတဝန်း ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က တောင်ကိုရီးယား သမ္မတရဲ့ လုပ်ရပ်ကို လှောင်ပြောင်ထားပါတယ်။
သမ္မတနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ လောလောဆယ်မှာ ပုန်ကန်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
သမ္မတက သူ့ရဲ့ လုပ်ရပ်အတွက် ပြန်လည် တောင်းပန်ခဲ့ပေမယ့် ရာထူးကနေ နုတ်ထွက်ဖို့ ပြည်သူအများရဲ့ တောင်းဆိုမှုကိုတော့ လက်မခံ သေးပါဘူး။
အတိုက်အခံ လွှတ်တော်အမတ်တွေက သမ္မတကို စွပ်စွဲ ပြစ်တင်ရေး ထပ်မံ ကြိုးပမ်းဦးမယ်လို့ သိရပါတယ်။
Ref:BBC/AFP