မကွေး ဒီဇင်ဘာ ၉

မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားအနီးမှာ စစ်ကောင်စီက လုံခြုံရေး တိုးချတာ၊ လက်နက်ကြီး အထိုင်ချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစပြီးတော့ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့ကစလို့ လုံခြုံရေးထပ်ပြီးချလာတာ ဖြစ်ပါတယ်။

“အများစုကတော့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေများပါတယ်။ စကုဘက်ကနေ ရွှေစက်တော်လမ်းခွဲတွေကိုပို့တာ။ သုံးယောက်တစ်စု လေးယောက်တစ်စု လမ်းဘေးတွေမှာ ချထားတယ်”လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မန်း ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလ အလယ်လောက်မှာ ဖွင့်ပွဲပြုလုပ်တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ တင်ဒါကိစ္စတွေပါဆောင်ရွက်လို့ ဖွင့်လို့ မရသေးတာဖြစ်ပါတယ်။

နိုဝင်ဘာလတုန်းကတော့ စစ်ကောင်စီကို အဓိကဝင်ငွေရှာပေးနေတဲ့ ရွှေစက်တော်ဘုရားရွာ အုပ်ချုပ်ရေးမှူးကို ကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ရွှေစက်တော်ဘုရားကျေးရွာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီးနောက် ဘုရားရွာမှာပဲ စစ်ကောင်စီတပ်တွေက လက်နက်ကြီးအထိုင်ချပြီးတော့ ရမ်းသမ်း ပစ်ခတ်တာ၊ ဒရုန်းချ တိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

ရွှေစက်တော်ဘုရားဘက်ကို ပဒါန်းဘက်ကလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်နဲ့ စကုဘက်ကလာတဲ့ စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်တို့က နိုဝင်ဘာလမှာကတည်းကနေရာယူထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်မှာ ပျူစောထီးအင်အား ၈၀ ဝန်းကျင်ထပ်တိုးလာတာပါ။

မင်းဘူးမြို့နယ်က မန်းရွှေစက်တော်ဘုရားဟာ နှစ်စဉ် စစ်ကောင်စီရဲ့ ဒုတိယဝင်ငွေ အရဆုံးဘုရားဖြစ်ပေမယ့် လက်ရှိအချိန်ထိကို ဘုရားဖွင့်ပွဲလုပ်ဖို့ ကြေညာတာတွေ ​မတွေ့ရှိရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကတော့ ရွှေစက်တော်ဘုရားအဝင် သုံးမိုင်ဂိတ်မှာ စစ်ကောင်စီနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးတယ်လို့ မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းကထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.