လားရှိုး၊ အောက်တိုဘာ ၂၄

နိုင်ငံတဝန်းမှာ အခုနှစ် သုံးလအတွင်း စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၀၄၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအနည်းဆုံး ၁၃၈၃ ဦး ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ သေဆုံးဒဏ်ရာရမှုဟာ စစ်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိသလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဇူလိုင်ကနေ စက်တင်ဘာအတွင်း စစ်ဆင်ရေးတွေနဲ့ တိုက်ပွဲဖော်ဆောင်မှု ကြိမ်ရေ ၂၁၀၀ ကျော်ရှိခဲ့တဲ့ထဲက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၀၀၆ ကြိမ် ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်က ဆိုပါတယ်။

အဲဒီသုံးလတာအတွင်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကချင်၊ ရှမ်းမြောက်၊မန္တလေးနဲ့ ရခိုင်စစ်မျက်နှာတွေမှာ မြို့ပေါင်း ၁၂ မြို့ သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသမရှိဘူးလို့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေအရ သိရပါတယ်။

တိုက်ပွဲဖော်ဆောင်မှုပုံစံတွေမှာ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက် နက်ကြီး တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာ၊ဗုံးနဲ့ တိုက်ခိုက်တာအပါအဝင် အခြားတိုက်ခိုက်မှုတို့ ပါဝင်ပါတယ်။

စစ်ရေးလှုပ်ရှားမှုအများဆုံး ဒေသလေးခုမှာ ရှမ်းမြောက်၊ မန္တ‌လေး၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေဖြစ်ပြီး ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကြောင့် တိုင်းစစ်ဌာနကျရှုံးကာ တိုက်ပွဲဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.