ဘန်ကောက်၊ သြဂုတ် ၉
မြန်မာ့ပြဿနာ ဖြေရှင်းရေး အာဆီယံ သုံးနိုင်ငံ အပေါင်း အစည်းအဝေးကို ယခုနှစ် အာဆီယံ အစည်းအဝေးပြီးနောက်မှာ ကျင်းပနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဗီယန်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို ယခုနှစ် ဥက္ကဋ္ဌ လာအိုက လက်ခံခဲ့ကြောင်း အာဆီယံရေးရာ ဌာန လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဘိုဘွန်ဆီ ဗန်ဖာအန်က ပြောပါတယ်။
အာဆီယံ ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှား၊ လက်ရှိ ဥက္ကဋ္ဌ လာအိုနဲ့နောက်နှစ် ဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားတို့အပြင် မြန်မာ့ပြဿနာကို ကူညီ ဖြေရှင်းဖို့ စိတ်ဝင်စားတဲ့ နိုင်ငံတွေ ပါဝင်မယ့် အစည်းအဝေး ကျင်းပနိုင်မယ့်အချိန်ကို လာအိုနဲ့ မိမိတို့ ဆွေးနွေးနေကြောင်း သူက ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အခုအချိန်ထိတော့ အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးပြီးမှာ အာဆီယံ သုံးနိုင်ငံ အပေါင်း အစည်းအဝေးကို ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်း ညွှန်ကြားရေးမှူး ဘိုဘွန်ဆီ က ပြောပါတယ်။
အာဆီယံ တည်ထောင်တဲ့ ၅၇ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ သူက မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဖြေရှင်းရေး စုပေါင်း ကူညီပေးနေကြပေမယ့် သက်ဆိုင်ရာ အစုအဖွဲ့အားလုံး ဆွေးနွေးဖို့ ဆန္ဒ ရှိ၊ မရှိ ဆိုတာကတော့ မြန်မာနိုင်ငံ အပေါ်မှာ မူတည်နေတယ်လို့ သူက ဆိုပါတယ်။
ထိုင်းအဆိုပြုထားတဲ့ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေ ခန့်အပ်ထားကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး အရာရှိတွေက ပြောထားပါတယ်။
Ref:Bangkok Post