ဘန်ကောက်၊ သြဂုတ် ၂

ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံ Move Forward ပါတီ ဖျက်သိမ်း ရဖွယ်ရှိပြီး လက်ရှိဝန်ကြီးချုပ် ထုတ်ပယ်ခံရနိုင်တဲ့ အခုလ တရားရုံး ဆုံးဖြတ်ချက်တွေကြောင့် စီးပွားရေး မတည်မငြိမ် ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ပါတီ ခေါင်းဆောင်ဟောင်း ဖိထာ လင်ဂျာရိုအန်ရတ်က သတိပေးလိုက်ပါတယ်။

ဘုရင့်နန်းတော် အသရေဖျက်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး Move Forward ပါတီကို ဖျက်သိမ်း၊ မသိမ်း အခြေခံဥပဒေဆိုင်ရာ တရားရုံး တရားသူကြီးတွေက လာမယ့် သီတင်းပတ်မှာ ဆုံးဖြတ်ကြဖို့ရှိပါတယ်။

အဲဒီနောက် သီတင်းတစ်ပတ်မှာတော့ ကျင့်ဝတ် ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို ရာထူးက ဖယ်ရှားသင့်၊ မသင့် တရားသူကြီးတွေ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

စီးပွားရေး စွမ်းဆောင်ရည် လျော့ကျနေတဲ့ အခြေအနေကို ပြန်လည် တည့်မတ်ဖို့ အစိုးရက ခက်ခက်ခဲခဲ ကြိုးပမ်းနေတဲ့ အချိန်မှာ အဲဒီလိုပါတီနဲ့ ဝန်ကြီးချုပ်ကို အရေးယူဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံရေးမှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ ခုခံကာကွယ်နေရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ပြောနိုင်ကြောင်း သြဂုတ် ၁ ရက်နေ့က Bloomberg News နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အသက် ၄၃ နှစ်အရွယ် ဖိထာ က ပြောဆိုသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာလုပ်ခဲ့တဲ့ ရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ မျှော်လင့်ထားခဲ့သူ ဖိထာရဲ့ အစိုးရဖွဲ့ရေး ကြိုးပမ်းမှုကို ထိုင်းနိုင်ငံရဲ့ ကွန်ဆာဗေးတစ် လူ့မလိုင်တွေက တားဆီးခဲ့ပါတယ်။

ဒါပေမဲ့လည်း Move Forward ပါတီဟာ လူကြိုက်များနေဆဲ ဖြစ်ပြီး ပါတီခေါင်းဆောင်ဟောင်း ဖိထာဟာလည်း ဝန်ကြီးချုပ် ရာထူးအတွက် လူကြိုက် အများဆုံးရွေးချယ်မှု ဖြစ်နေဆဲပဲလို့ဆိုပါတယ်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက သူ့ပါတီကို ဖျက်သိမ်းပြီး သူ့ကို နိုင်ငံရေးလောကမှာ ကျင်လည်ခွင့် တားမြစ်ခဲ့မယ်ဆိုရင် Move Forward ပါတီရဲ့ အရင် ပါတီ Future Forward ကို ၂၀၂၀ ပြည့်နှစ်က ဖျက်သိမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ကြီးမားတဲ့ဆန္ဒပြပွဲလို ဆန္ဒပြပွဲတွေ ကြီးကြီးမားမား ဖြစ်လာနိုင်တယ်လို့ ဖိထာက ပြောပါတယ်။

တကယ်လို့သာ လက်ရှိဝန်ကြီးချုပ် ထုတ်ပယ်ခံရမယ်ဆိုရင် ထိုင်းအစိုးရက လက်ရှိ အကောင်အထည် ဖော်ဖို့ လုပ်ဆောင်နေတဲ့ ဘတ်ငွေ ဘီလီယံ ၅၀၀ ပေးဝေမယ့် အစီအစဉ်လည်း ကမောက်ကမ ဖြစ်လာနိုင် ပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.