တီဟီရန်၊ သြဂုတ် ၁
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ ဟားမာ့စ် ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်မှုဟာ အစ္စရေးလက်ချက် ဖြစ်တယ်လို့ အီရန်က စွပ်စွဲပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
တီဟီရန်မြို့မှာ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စရေးက မှတ်ချက် မပေးသေးပါဘူး။
ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့နိုင်ငံအနေနဲ့ ရန်သူတွေကို မကြာသေးခင် ရက်ပိုင်းက ချေမှုန်းပစ်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တီဟီရန် တိုက်ခိုက်မှု မတိုင်ခင် နာရီပိုင်းအလိုက လက်ဘနွန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဟစ်ဇဘိုလာ အကြီးတန်း တပ်မှူး တစ်ဦး သေဆုံးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲ တစ်ပွဲ ဖြစ်လာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာနေချိန်မှာ ဝန်ကြီးချုပ် နေတန်ညာဟုက လာမယ့်ရက်တွေဟာ စိန်ခေါ်မှုရှိတဲ့ နေ့ရက်တွေ ဖြစ်လိမ့်မယ်လို့ အစ္စရေးနိုင်ငံသားတွေကို သတိပေးထားပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းပတ်ပတ်လည် ဘက်ပေါင်းစုံက အန္တရာယ်တွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒေသတွင်းမှာ ရန်လိုတဲ့ အခြေအနေတွေ အန္တရာယ်ရှိလောက်အောင် မြင့်တက်မလာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးထားပါတယ်။
ဟားမာ့စ်အဖွဲ့ရဲ့ အလုံးစုံခေါင်းဆောင်လို့ အများက ရှုမြင်ထားသူ ဟာနီယာ သေဆုံးမှုကြောင့် စစ်ပွဲမှာ ဦးတည်ရာ အသစ်တွေနဲ့ တန်ပြန်ရိုက်ခတ်မှုတွေ ရှိလာမှာ ဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပြောဆိုထားပါတယ်။
ဂါဇာမှာ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့တဲ့ ဟားမာ့စ် ခေါင်းဆောင် ဟာနီယာဟာ အီရန်သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ တက်ရောက်ပြီးနောက် မကြာခင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အရင်က သူ့ရဲ့ အီရန်ခရီးစဉ်အတွင်း တည်းခိုခဲ့တဲ့ အဆောက်အဦမှာပဲ ခေါင်းဆောင် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဟားမာ့စ်အဖွဲ့ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင် ဟာနီယာရှိနေတဲ့ နေရာကို ဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့တာ ဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
လက်ဘနွန်နိုင်ငံကို မသွားရောက်ကြဖို့ အမေရိကန်က သူ့နိုင်ငံသားတွေကို သတိပေးထားပြီး အဲဒီနိုင်ငံအတွင်းကနေ ဗြိတိန်နိုင်ငံသားတွေ ထွက်ခွာသွားကြဖို့ ဗြိတိန်အစိုးရက သတိပေးထားပါတယ်။
Ref:BBC