ခိုချီ၊ ဇူလိုင် ၃၁
အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရလာပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် လူပေါင်း ၁၀၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဇူလိုင် ၃၀ ရက်မှာ ဖော်ပြခဲ့ကြပါတယ်။
ကမ္ဘာလှည့် ခရီးသွားတွေကြား လူကြိုက် အများဆုံးပြည်နယ် တစ်ခုအဖြစ် နာမည်ကြီးတဲ့ ကယ်ရလာပြည်နယ် ဝါယာနက်ဒေသမှာ ဇူလိုင် ၂၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ညပိုင်းမှာ ကုန်းမြင့်နေရာတွေ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
ထိခိုက်သေဆုံးရသူ အများစုဟာ လက်ဖက်စိုက်ခင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ဖြစ်ပြီး လက်ဖြစ် ဆောက်လုပ်ထားတဲ့ အမိုးအကာတွေထဲမှာ အိပ်ပျော်နေချိန် မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံ ပုံရိပ်တွေမှာတော့ အပင်တွေ အမြစ်က ကျွတ်ထွက်နေတာ ၊သွပ်မိုး အဆောက်အဦတွေ ပြိုလဲနေတာနဲ့ ရွှံ့ရည်တွေ စီးဆင်းနေတဲ့အခြေအနေမှာ ကယ်ဆယ်ရေး အသည်းအသန် လုပ်ဆောင်နေကြတဲ့ အလုပ်သမားတွေကို တွေ့မြင်ရပါတယ်။
မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၀၆ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၈ ဦးနဲ့ ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာ ရှိကြောင်း ပြည်နယ်အရာရှိတွေက ပြောပါတယ်။
ဒေသတွင်းမီဒီယာ Asianet TV ကတော့ သေဆုံးသူ ၁၁၉ ဦး ရှိတယ်လို့ ကြေညာထားပါတယ်။
ကယ်ရလာပြည်နယ်မှာ ၂၀၁၈ ခုနှစ်တုန်းကလည်း ရေကြီးရေလျှံမှုတွေကြောင့် လူ ၄၀၀ နီးပါး သေဆုံးခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က မြေပြိုမှုတွေဟာ ပြည်နယ်တွင်း အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်ပါတယ်။
မြေကြီးအောက်မှာ နစ်မြုပ်နေသူတွေ၊ ရေစီးနဲ့ မျောပါသွားသူတွေ ရှိကြောင်း ကယ်ရလာပြည်နယ် ဝန်ကြီးချုပ် ပီနာယာရီ ဗီဂျာယမ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီဒေသက လူ ၃၀၀၀ ကျော်ကို ဘေးကင်းရာသို့ ခေါ်ထုတ်ပြီး ကယ်ဆယ်ရေး စခန်း ၄၅ ခုမှာ နေရာ ချထားပေးတယ်လို့ ဝန်ကြီးချုပ် ဗီဂျာယမ်က ပြောပါတယ်။
လူတွေ အိပ်မောကျနေတဲ့အချိန်မှာ မြေပြိုမှု အဆက်မပြတ် ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အသက်ရှင်လွတ်မြောက်သူ တစ်ဦးက ပြောပါတယ်။
မြေပြိုမှုတွေ မဖြစ်ခင် အဲဒီ ဒေသကနေ လူတွေ အများကြီး ပြောင်းရွှေ့သွားခဲ့ကြတာကြောင့် ထိခိုက် သေဆုံးမှု နည်းပါးခဲ့တာ ဖြစ်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ဆိုပါတယ်။
ကယ်ရလာပြည်နယ်မှာ နောက်ထပ် ငါးရက်အထိ မိုးသည်းထန်ဦးမယ်လို့ ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။
Ref:Reuters