မနီလာ၊ ဇူလိုင် ၃၁
တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေ ပိုများလာနေချိန်မှာ အမေရိကန်က ဖိလစ်ပိုင်အတွက် စစ်ရေး ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်သွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇူလိုင် ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဘေဂျင်းအစိုးရကို တားဆီးဖို့ ရည်ရွယ်တဲ့ ဝါရှင်တန်ရဲ့ မဟာမိတ်ဖွဲ့မှု အားကောင်းစေရေး အာရှ-ပစိဖိတ် ခရီးစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်လည်း ဝန်ကြီး ဘလင်ကန်နဲ့ အတူ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာသို့ ရောက်ရှိခဲ့ပါတယ်။
ဒေသတွင်း မိမိတို့ရဲ့ သက်တမ်း အရင့်ဆုံး မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရေး နိုင်ငံခြား စစ်ရေး ရန်ပုံငွေအဖြစ် ဒေါ်လာ သန်း ၅၀၀ ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။
ဒါဟာ ဖိလစ်ပိုင် စစ်တပ်နဲ့ ကမ်းခြေစောင့်တပ်တို့ကို ပိုမို ခေတ်မီလာစေရေး ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်လို့ ဝန်ကြီးဘလင်ကန်က ဆိုပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သဘောထား တင်းတင်းမာမာနဲ့ တုံ့ပြန်လေ့ရှိတဲ့ ဖိလစ်ပိုင်သမ္မတ မားကို့စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် အမေရိကန် ဝန်ကြီးတွေဖြစ်ကြတဲ့ ဘလင်ကန်နဲ့ အော်စတင် တို့ဟာ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အငြင်းပွားနေတဲ့ ရေပြင်မှာ မကြာသေးခင်က ဖိလစ်ပိုင်နဲ့ တရုတ်ကြား ထိပ်တိုက်တွေ့မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့တာကြောင့် ဒီပြဿနာထဲ အမေရိကန် ဝင်ပါလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ် လာခဲ့ပါတယ်။
မကြာသေးခင်က အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲ စစ်ရေး လေ့ကျင့်မှု အတွင်း အမေရိကန်က ဖိလစ်ပိုင်မှာ တာလတ်ပစ် ဒုံးကျည် စနစ်ချထားမှုနဲ့ ပတ်သက်လို့ ဘေဂျင်းအစိုးရက သတိပေးထားပါတယ်။
ဖိလစ်ပိုင် သမ္မတက တရုတ်ရဲ့ ရန်စမှုတွေကို သည်းခံနေမှာ မဟုတ်ဘဲ မိမိတို့ နိုင်ငံပိုင်နက် တစ်လက်မ မကျန် ကာကွယ်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
Ref:AFP