နေပြည်တော်၊ ဇူလိုင် ၃၁
နိုင်ငံ့အာဏာသိမ်းယူမှုကြောင့် ပေါ်ပေါက်လာတဲ့ တစ်နိုင်ငံလုံးအနှံ့ ခုခံတော်လှန်စစ်အတွင်း မြို့ပေါင်း ၇၀ ကျော် လက်လွှတ်ခဲ့ရပြီးချိန်မှာ စစ်ကောင်စီက နောက်ထပ် အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်မံတိုးယူပြန်ပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရ ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့ မနက် ၁၀ နာရီမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူပြီး ယာယီသမ္မတရာထူးလွှဲအပ်ခံထားရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွဲ့ဝင်တွေကို အခြေအနေအရပ်ရပ် တင်ပြခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အရေးပေါ်ကာလကြေညာပြီး ၂ နှစ် ပြည့်မြောက်တဲ့အချိန်မှာ ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် ဆူပူမှုတွေကြောင့် မဆောင်ရွက်နိုင်တဲ့ အခြေအနေတွေနဲ့ နိုင်ငံ့တည်ငြိမ်ရေး ဆောင်ရွက်နေမှု အခြေအနေတွေ ပါဝင်ပါတယ်။
ဒါ့အပြင် စီးပွားရေး၊ပညာရေး၊ ကျန်းမာရေးအပါအဝင် NUG ၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ လုပ်ရပ်တွေကြောင့် နယ်မြေတည်ငြိမ်းအေးချမ်းရေး ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကိုလည်း စစ်ခေါင်းဆောင်က တင်ပြခဲ့တာပါ။
ရွေးကောက်ပွဲကျင်းပရာမှာလည်း ခိုင်လုံတဲ့ မဲစာရင်းတွေ ရရှိဖို့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး မဖြစ်မနေ လိုအပ်နေတဲ့ အခြေအနေတွေကြောင့် ခြောက်လ သက်တမ်းတိုးမြှင့်ပေးနိုင်ဖို့ အကြောင်းပြပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တင်ပြချက်တွေအားလုံးကို ယာယီသမ္မတတာဝန် လွှဲပြောင်းယူထားတဲ့ စစ်ခေါင်းဆောင်အပါအဝင် ကာလုံအဖွဲ့ဝင်တွေက ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ်သက်တမ်း နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI