လားရှိုး၊ ဇူလိုင် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကိုးကန့်တပ်မတော် MNDAA ရဲ့ စစ်ရေးကော်မတီက ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွတ်မြောက်ရေးတိုက်ပွဲတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပျက်စီးတာ ရှောင်ရှားဖို့နဲ့ အမျိုးသားဒီမိုကရေစီ တော်လှန်ရေး တိုက်ပွဲတွေ ဆင်နွှဲရာမှာ လွတ်မြောက်နယ်မြေအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှန်သမျှကို ကာကွယ်ကြဖို့နဲ့ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတွေရဲ့ ဆုံးရှုံးနစ်မှုတွေကို အတက်နိုင်ဆုံး တားဆီးထိန်းသိမ်းပေးဖို့၊ ပြည်သူလူထုနဲ့ နိုင်ငံခြားသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေးကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြောဆိုပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဝန်ထမ်းတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို တားဆီးကြဖို့၊ တရုတ်နိုင်ငံရဲ့ အကျိုးအမြတ်တွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို တွေ့ရှိပါက MNDAA စစ်ရေးကော်မတီထံ အချိန်မီတင်ပြပြီး တရုတ်နိုင်ငံရဲ့ သက်ဆိုင်ရာဌာနနဲ့ ဆက်သွယ်ကြဖို့ အသိပေးထားပါတယ်။

ဒါအပြင် စစ်မြေပြင်အတွင်း ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို အချိန်မီကယ်ထုတ်ကြဖို့နဲ့ ဒဏ်ရာရ တရုတ်နိုင်ငံသားတွေ၊ အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ဒါမှမဟုတ် ကုမ္ပဏီတိုက်ခိုက်ခံနေရတဲ့ တရုတ်နိုင်ငံသားတွေကို တွေ့ရှိပါက ကူညီကယ်တင် ပေးကြဖို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ်မတော် MNDAA ဟာ နယ်စပ်ကုန်သွယ်ရေးမြို့တွေအပါအဝင် ရှမ်းမြောက်က မြို့ ၈ မြို့ကို သိမ်းပိုက်ထားပြီး စစ်ဆင်ရေးအပိုင်း ၂ မှာလည်း လားရှိုးမြို့ကို သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.