မော်လမြိုင် ၊ ဇူလိုင် ၃၀

စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူပြီးနောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း အကျိုးဆက်အနေနဲ့ ပြည်သူလူထုအပေါ် လူမှုဒုက္ခအဝဝနဲ့ အခက်အခဲတွေကြီးစွာ ကြုံတွေ့စေခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ထုတ်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ရဲ့ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ကျင်းပခဲ့တဲ့ ၆ လပတ် အစည်းအဝေးအပြီး ဇူလိုင် ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ထည့်သွင်းပြောဆိုလာတာပါ။

တိုင်းပြည်အနှံ့ တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်ပွားတာ၊ စီးပွားရေးကျဆင်းတာ၊ လူ့အခွင့်အရေးချိုးဖောက်မှု များလာတာ၊တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် ‌ဒေသအသီးသီးမှာ လူဆိုးသူခိုးဓားပြတို့ များပြားလာတာဟာ ပြည်သူတွေအပေါ် ဒုက္ခနဲ့ အခက်အခဲတွေ ကြုံတွေ့စေခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ရှမ်းလူထုတွေ အိုးအိမ်ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးတာ၊ သေဆုံးဒဏ်ရာရတာ၊စစ်ရှောင်နေရတဲ့အပြင် ကလေးသူငယ်တွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေကလည်း အတိဒုက္ခအခက်အခဲတွေ ကြုံတွေ့နေရတဲ့အပေါ် RCSS အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

RCSS အနေနဲ့ ရှမ်း‌ပြည်တောင်ပိုင်းဒေသတည်ငြိမ်ရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ပြည်သူလုထုနဲ့အတူ လက်တွဲပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ အသိပေးထားတာပါ။

ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပြီး အပစ်ခတ်ရပ်စဲရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားကြဖို့ RCSS က တိုက်တွန်းထားပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။

ဒါပေမယ့် RCSS ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ဆုံဆွေးနွေးရေးမူကိုဆုပ်ကိုင်ပြီး စစ်ကောင်စီနဲ့ တစ်ဖွဲ့ချင်းအလိုက်ဖြစ်စေ၊ အုပ်စုအလိုက် ဖြစ်စေ ၆ ကြိမ်ထက်မနည်း ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.