သံဖြူဇရပ်၊ ဇူလိုင် ၃၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာနဲ့ရွာသာအေးကျေးရွာအကြား အမှတ် ၈ ပြည်ထောင် စုလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား အချိန်နာရီဝက်နီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် ဝဲခမီ၊ ရွာသာအေးအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပြီး အများစုကတော့ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၃၀ ရက်နေ့အထိ ဝယ်သော်ကျေးရွာနဲ့ ရွာသာအေးကျေးရွာအနီး ပတ်ဝန်းကျင်မှာ ဆက်လက်လှုပ်ရှားနေတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။

အလားတူ အဲဒီနေ့ကလည်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားပြည်သူနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ သံဖြူဇရပ်-ထားဝယ်လမ်းပိုင်း လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇူလိုင်တတိယအပတ်ကစပြီး စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတဲ့ သံဖြူဇရပ်-ထားဝယ်လမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ရင်ခရီးမသွားကြဖို့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-တောင်ညိုစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.