ဆိုးလ်၊ ဇူလိုင် ၃၀

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာ သူ့သမီးကို သူ့နေရာ ဆက်ခံမယ့်သူအဖြစ် လေ့ကျင့် သင်ကြားပေးနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်က တောင်ကိုရီးယား လွှတ်တော်ကော်မတီကို အမျိုးသား ထောက်လှမ်းရေးဌာနက ရှင်းလင်း ပြောကြားရာမှာ အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကင်” မျိုးဆက်ထဲမှာ ကင်ဂျုံအန်ရဲ့ သမီးရဲ့ အနေအထားနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်မှုတွေ၊ အများပြည်သူရှေ့ ထွက်ရှိမှု သဘောသဘာဝနဲ့ အကြိမ်ရေတို့ကို အခြေခံပြီး တောင်ကိုရီးယား ထောက်လှမ်းရေးက အခုလိုမျိုး ပြောကြားလိုက်တာပါ။

အသက် ၁၁ နှစ်လောက် ရှိပြီလို့ ယုံကြည်ရတဲ့ ကင်ဂျူအေးကို သူ့ဖခင်က ၂၀၂၂ ခုနှစ် စက်တင်ဘာလက တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုအတွင်း အများပြည်သူရှေ့ ပထမဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ကင်ဂျူအေးဟာ အဓိက စစ်ရေး အခမ်းအနားတွေမှာ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ ရောနှောနေတာ မြင်တွေ့ရပါတယ်။သူ့ကို မြောက်ကိုရီးယား မီဒီယာက လေးစားရပါသော သမီးတော်၊ ချစ်ခင်ရပါသော ကလေးလေးလို့ သုံးနှုန်း ဖော်ပြလေ့ရှိပါတယ်။

ပြုံးယမ်းအစိုးရဟာ ကင်ဂျူအေးကို အမွေဆက်ခံသူ တစ်ယောက်အနေနဲ့ လေ့ကျင့် သင်ကြားပေးနေတာကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်နေရာကို ဆက်ခံဖို့ အဖြစ်နိုင်ဆုံးပဲလို့ လွှတ်တော် ကြားနာပွဲသို့ တက်ရောက်ခဲ့တဲ့ တောင်းကိုရီးယား နိုင်ငံရေးသမား လီဆောင်းကွန်က ပြောကြားခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ အဝလွန်နေပြီး အရက်ကို လွန်လွန်ကျူးကျူး သောက်တာနဲ့ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်တို့ကြောင့် ကျန်းမာရေး ညံ့နေကြောင်း သတင်းတွေ ထွက်ပေါ် နေချိန်မှာ သူ့နေရာကို ဆက်ခံမယ့် သူနဲ့ ပတ်သက်လို့ လတ်တလော ပြောဆိုမှုတွေ အများကြီး ထွက်ပေါ်နေပါတယ်။

အသက် ၄၀ လောက်ရှိပြီလို့ ခန့်မှန်းရတဲ့ ကင်ဂျုံအန်ဟာ ကိုယ်အလေးချိန် ကီလို ၁၄၀ လောက် ရှိနေပြီး သူ့မိသားစုဟာ နှလုံးရောဂါ ဖြစ်တတ်တဲ့ ရာဇဝင် ရှိပါတယ်။

သူဟာ အသက် ၃၀ ကျော် အရွယ်မှာကတည်းက သွေးတိုးနဲ့ ဆီးချိုရောဂါ ခံစားနေရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောဆိုထားပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.