မကွေးတိုင်းမှ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းတက်ရောက်ခဲ့သူများ။

မကွေး၊ ဇူလိုင် ၃၀

မကွေးတိုင်း၊ မကွေးမြို့နယ် ကျေးရွာနှစ်ရွာက ပြည်သူတွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မကွေးမြို့နယ်၊ နေပြည်တော် – ကံပြား လမ်းပေါ်မှာရှိတဲ့ ဖိုးလေးလုံးရွာနဲ့ လေးတိုင်စင်ရွာကလူငယ်တွေ၊ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီလက်အောက်ခံတပ်တွေက ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။

“ဘယ်အဖွဲ့ကဆွဲတာလဲတော့မသိရသေးဘူး။ ပြီးခဲ့တဲ့ ညောင်ပင်ရွာကိစ္စမှာတော့ ပျူခေါင်းဆောင် ကိုဝင်းမြိုင်နဲ့အဖွဲ့က ဆွဲတာ။ အခုလည်းသူပဲထင်ပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အကြောင်းမဲ့အဖမ်းခံလိုက်ရတဲ့ လူငယ်အရေအတွက်မှာ ၁၀ ဦးထက် မကရှိနေပြီး မကွေး ၃၀၁ ခြေမြန်တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်း​ဆီးခံထားရသူတွေထဲက ငွေကြေးတတ်နိုင်သူတွေကို အနည်းဆုံးကျပ်သိန်း ၅၀ ပေးပြီးမှ ပြန်လည်ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း စလင်းမြို့နယ်မှာလည်း အလားတူဖြစ်ရပ်မျိုးတွေဖြစ်ပွားနေပြီး အနည်းဆုံး ကျပ်သိန်း ၆၀ နဲ့ရွေးရတာမျိုးတွေလည်းရှိနေပါတယ်။

ဒါ့အပြင် မကွေးတိုင်းမှာ စစ်ကောင်စီပေါ်တာဆွဲတဲ့ ရက်တွေအတွင်း ပျောက်ဆုံးသွားတဲ့ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အရွယ်ကလေးငယ်တွေများလာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI
ပုံစာ – မကွေးတိုင်းမှ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းတက်ရောက်ခဲ့သူများ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.