လားရှိုး၊ ဇူလိုင် ၃၀

နိုင်ငံတစ်ဝန်းက ထိုးစစ်ဆင် တိုက်ပွဲတွေမှာ အောင်ပွဲတွေဆက်တိုက် ရရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ နိုင်ငံကနေ ခွဲထွက်မှာ မဟုတ်ဘူးလို့ ဇူလိုင် ၂၈ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံအသစ် ထူထောင်တော့မည်”ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အခြားသော ခေါင်းစဉ်တွေနဲ့ တရုတ်ဘာသာ အရေးအသား၊ ပိုတိုရှော့၊ အဖွဲ့အစည်း တံဆိပ်တွေကို အသုံးပြုပြီး ၁၀ စောင်ထက်မနည်းတဲ့ ထုတ်ပြန်ချက်တွေနဲ့ သတင်းအချက်အလက် အတုတွေကို ထုတ်ပြန်တာတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ဖော်ပြပါရှိပါတယ်။

အဲဒီလို ပြုလုပ်ရတာကတော့ အောင်ပွဲတွေရရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိအားပေးပြီး အိမ်နီးချင်းနိုင်ငံတွေအား အထင်အမြင်လွှဲမှားစေဖို့နဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ကို အနားယူခွင့်ရရှိစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ အခုလို အသိဉာဏ်မဲ့ အောက်တန်းကျပြီး နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ လက်ရှိမှာတော့ မြို့ပေါင်း ၂၁ မြို့ထက်မနည်း သိမ်းပိုက်ရရှိထားပြီး စစ်ဆင်ရေးအပိုင်း ၂ ကို ဆက်လက်ဆင်နွှဲနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – 3BHA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.