ကျောက်မဲ၊ ဇူလိုင် ၃၀

ရှမ်းပြည်နယ် ကျောက်မဲ၊ မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့က တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း ၂၂ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၇၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့မှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်မ ၁၁ နဲ့ ခမရ ၅၀၁ တပ်စခန်းတွေမှ လက်နက်မျိုးစုံ ၃၇ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မိုးမိတ်မြို့ရှိ လက်ကျန်စခန်းတွေကို တအာင်းတပ်မတော် TNLA က လိုက်လံရှင်းလင်း တိုက်ခိုက်ရာ စစ်ကောင်စီရဲ့လုံခြုံရေးကုန်းမှာ သေနတ် ၈ လက်၊ RPG ၁ လက်၊ ငါးကျည်းမြှီး ၁ လက်၊ ၆၀မမ ပြောင်းတို ၁ လက်၊ ပြောင်းရှည် ၁ လက်၊ ၈၁ မမ ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မိုးကုတ်မြို့နယ် အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို TNLA မှ လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း ၂၀ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း ၂၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ကလည်း ကျောက်မဲနဲ့ မိုးမိတ်မြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး မိုးမိတ်မြို့နယ်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှ စစ်ကောင်စီရဲ့ လက်နက်အချို့ သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်း တအာင်းတပ်မတော် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မန္တလေးတိုင်း စဉ့်ကူးနဲ့ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.