ကျိုက်ထို၊ ဇူလိုင် ၃၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားကိုးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ဇူလိုင် ၃၀ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က သိမ်ဇရပ်နယ်မြေရဲစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ပြီးနောက် သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ၁၀ လုံး ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

အမြောက်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့ ရွာလေးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၄၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်ကြည်ကြည်လင်းနဲ့ ခင်ပွန်းဖြစ်သူကိုလေးစစ်သူတို့ ထိမှန်သေဆုံးခဲ့ကာ အိမ်နီးချင်းဒေါ်ယဉ်ဝေလွင် ဒဏ် ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကျောက်တန်းလေးရွာအနီးမှာ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကျိုက်ထိုအခြေစိုက် အမှတ် ၆၀၂ ဒုံးတပ်ရင်းကနေ လက်နက်ကြီး ပစ်ကူပေးရာကနေ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုအတွင်း ဟောင်ဝှစ်ဇာလက်နက်ကြီး လေးလုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေဖြစ်တဲ့ ကိုစိုးထက်ပိုင်၊ ကိုချစ်ကို၊ မချစ်သဲအပါအဝင် ဒေသခံခုနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေဟာ ရွှေတွင်းအလုပ်သမားတွေဖြစ်ကြပြီး တိုက်ပွဲကြောင့် ကျိုက်ထိုမြို့သို့ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းစဉ် ပျဉ်းကတိုးကုန်းကျေးရွာအရောက်မှာ လက်နက်ကြီးဒဏ်ခံခဲ့ရတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ကျိုက်ထိုမြို့နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင် ၃၀ ရက်နေ့အထိ ခုနှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃၀ နီးပါး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.