ဘေဂျင်း၊ ဇူလိုင် ၂၉

အမေရိကန် တာလတ်ပစ် ဒုံးကျည် ချထားမှုနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကို သတိပေးပြောကြားပြီး အဲဒီလို လုပ်ရပ်ကြောင့် ဒေသဆိုင်ရာ တင်းမာမှု မြင့်တက်လာနိုင်တဲ့အပြင် လက်နက်ယှဉ်ပြိုင်မှု ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

အခုနှစ် စောစောပိုင်းက ပြုလုပ်ခဲ့တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်က တိုင်ဖွန်း ဒုံးကျည် စနစ်ကို ဖိလစ်ပိုင်မှာ ချထားခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ဘယ်လောက်ကြာကြာ ချထားမလဲဆိုတာကို ဖိလစ်ပိုင် အရာရှိတွေက မပြောပေမယ့် စစ်ရေးလေ့ကျင့်မှု အတွင်း ပစ်ခတ်ခဲ့တာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

တရုတ် – ဖိလစ်ပိုင် ဆက်ဆံရေးဟာ အခုအချိန်မှာ လမ်းဆုံလမ်းခွ နေရာကို ရောက်ရှိနေပြီး တိုင်ပင် ဆွေးနွေးမှုတွေဟာ လမ်းမှန်နေရာမှာ ရှိနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်းနရစ် မာနာလိုကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပမှာ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်က နှစ်နိုင်ငံ သဘောတူညီမှုတွေနဲ့ သူ့ရဲ့ ကိုယ်ပိုင်ကတိတွေကို အကြိမ်ကြိမ် ချိုးဖောက်နေတာကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဝန်ကြီးဝမ်ယိက ပြောပါတယ်။

ဝန်ကြီး ဝမ်ယိရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ တောင်းဆိုချက်ကို ဖိလစ်ပိုင် စစ်တပ်ကရော နိုင်ငံခြားရေးဝန်ကြီးဌာနကပါ တုံ့ပြန်မှု မရှိသေးပါဘူး။

ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်ထဲရှိ ရေတိမ်သောင် တစ်ခုကို ဘေဂျင်းအစိုးရက သူတို့ ပိုင်တယ်လို့ ပြောဆိုနေပြီး တောင်တရုတ်ပင်လယ်မှာ နှစ်နိုင်ငံ အငြင်းပွားမှု အနေအထားဟာ ထိပ်တိုက်တွေ့မှုတွေ အထိ အရှိန်မြင့်တက်လာခဲ့တာပါ။

အဲဒီ ရေတိမ်သောင်မှာ ဖိလစ်ပိုင်က သင်္ဘောပျက်တစ်စီး ချထားပြီး အဲဒီသင်္ဘောပေါ်ရှိ စစ်သားတွေအတွက် ထောက်ပံ့ပို့ဆောင်ဖို့ သွားရောက်တဲ့ ဖိလစ်ပိုင် သင်္ဘောတွေကို တရုတ် ကမ်းခြေစောင့်တပ်က အမျိုးမျိုး နှောင့်ယှက် တိုက်ခိုက်နေပါတယ်။

သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ် တစ်ခုလုံး နီးပါးကို တရုတ်က သူတို့အပိုင် ဖြစ်တယ်လို့ ပြောဆိုထားပြီး မလေးရှား၊ ထိုင်ဝမ်တို့ အပါအဝင် အခြားနိုင်ငံတွေနဲ့လည်း အငြင်းပွားနေပါတယ်။

တောင်တရုတ်ပင်လယ်ကို သူတို့အပိုင် ဖြစ်တယ်ဆိုတဲ့ ဘေဂျင်းအစိုးရရဲ့ ပြောဆိုမှုဟာ တရားဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ဆုံးဖြတ်ထားပြီး ဖြစ်ပေမယ့် တရုတ်က ဂရုမစိုက်ပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.