I

နေပြည်တော် ၊ ဇူလိုင် ၃၀

တရုတ်ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီချက်ကို ဆက်လက်အရှိန်မြှင့်သွားဖို့ စစ်‌ ကောင်စီ ခွင့်ပြုပေးထားတဲ့ နိုင်ငံရေးပါတီလေးခုက တရုတ်ခရီးစဉ်အတွင်း တိုက်တွန်းခဲ့တယ်လို့ ပါတီဘက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံကို လာရောက်ဖို့ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားခဲ့တာပါ။

အဲဒီခရီးစဉ်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC တို့ရဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အရှိန်မြှင့်ဖို့ တရုတ်ဘက်ကို တင်ပြခဲ့တယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌဒေါက်တာအေးမောင်က ပြောပါတယ်။

“သူတို့ ဦးဆောင်စီစဉ်ပေးတဲ့ မြောက်ပိုင်းသုံးဖွဲ့နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအဖွင့်ပေါ့။ NSPNC နဲ့ တွေ့ဆုံဆွေးနွေးပြီးမှ အဖြေရှာဖို့ အဲဒီဟာကို အရှိန်မြှင့်ဖို့ ကျွန်တော်တို့ဘက်က ညွန်းတာ ဟိုင်ဂင်ပေါ့။ ဟိုင်ဂင်သဘောတူညီချက် ဆွေးနွေးပွဲ ၆ ကြိမ်မြောက်အနေနဲ့ ဆွေးနွေးကြပါ။ ကျပ်ပေးပါ။ မြန်မာနိုင်ငံညှိနှိုင်းခြင်းအဖြေရမှပဲ တရုတ်ပြည်လည်း ဆက်စပ်ဖွံ့ဖြိုးတိုးတက်သွားမယ်။ နိုင်ငံရေးတည်ငြိမ်မှုက အင်မတန်အရေးကြီးတယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့က တင်ပြတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိ တစ်ကျော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့အပါအဝင် PDF ပူးပေါင်းအဖွဲ့တွေက ရှမ်းမြောက်နဲ့ မန္တ လေးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိတဲ့ မိုးကုတ်မြို့ အပါအဝင် နောင်ချိုနဲ့ စဉ့်ကူးမြို့တို့ကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့သလို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အ ခြေစိုက် လားရှိုးမြို့ ကိုလည်း သိမ်းပိုက်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းစွာ ဆွေးနွေးရေး အရှိန်အဟုန်ကို ထိန်းသိမ်းထားဖို့တွန်း အားပေးသွားမယ်လို့ ဇူလိုင် ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဒီအပေါ်မှာ ကိုးကန့်အဖွဲ့ MNDAA ရဲ့ စစ်ရေးကော်မတီကနေ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးရေး မူဝါဒကို တစိုက်မတ်မတ်လိုက်နာက တိုက်ပွဲအမြန်ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအ တွက် ကြိုးပမ်းသွားမယ်လို့ ဇူလိုင် ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့ ဖိအားပေးမှုအရ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့တို့ကြား ၆ ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့ ဒါမှမဟုတ် ဩဂုတ် ၁ ရက်နေ့မှာ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

သံလွင်တိုင်းမ်အနေနဲ့ တရုတ်ကြားဝင်ညှိနှိုင်းပေးမယ့် ဟိုင်ဂင်သဘောတူညီချက် ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအဖွဲ့ TNLA ပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းရာမှာတော့ မသိသေးဘူးလို့ အကြောင်းပြန်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဟိုင်ဂင်အစည်းအဝေးဟာ မကြာမီခေါ်ယူမယ့် ကာလုံအစည်းအဝေးပေါ် မူတည်နေပြီး တင်းမာတဲ့ သဘောထားတွေ ရှိမယ်ဆိုရင် ထူးခြားတဲ့ အ ပြောင်းအလဲတွေ ဖြစ်နိုင်စရာမရှိဘူးလို့ သုံးသပ်ပါတယ်။

“ဒီတခါ ဟိုင်ဂင်အစည်းအဝေးက ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်မလား မေးလို့ရှိရင် အဲဒီနေ့မတိုင်ခင် ၃၁ ရက်နေ့မှာ ကျင်းပမယ့် ကာလုံအစည်းအဝေးအပေါ် မှာ မူတည်တယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။ အဲဒီကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်အနေနဲ့ တရုတ်လိုလားတဲ့ ပျော့ပျောင်းတဲ့ အရပ်သားတစ်ပိုင်းအစိုးရ ညွန့်ပေါင်းအစိုးရစတာမျိုး ဖော်ထုတ်မလား။ ဒါမှမ ဟုတ် အရင်အတိုင်းပဲဆက်ပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်ပြီးတော့ စစ်ရေးအရရင်ဆိုင်မလား။ အဲဒီလိုတင်းမာတဲ့ သဘောထားတွေ ရှိမယ်ဆိုရင် ဒီတစ်ကြိမ်ဆွေးနွေးတဲ့ ဟိုင်ဂင်အစည်းအဝေးကလည်း သိပ်ပြီးထူးထူးခြားခြား အပြောင်းအလဲတွေ ဖြစ်နိုင်စရာမရှိပါဘူး”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းကစပြီး ရှမ်းမြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တပ်စခန်းတွေ ရာနဲ့ချီအသိမ်းခံရပြီး အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက တရုတ်အကူအညီနဲ့ ၅ ကြိမ်အထိ ဆွေးနွေးမှုတွေ ကြိုးပမ်းခဲ့တာပါ။

အဲဒီကြိုးပမ်းမှုကနေ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တတိယကြိမ်တွေ့ဆုံဆွေးနွေးမှုရ လဒ်အရ ရှမ်းမြောက်မှာ နှစ်ဘက်တပ်တွေ အပစ်ခတ်ရပ်စဲဖို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဟိုင်ဂင်သဘောတူညီချက်ရရှိခဲ့ပါတယ်။

အဲဒီကနေ သဘောတူညီချက်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရခိုင်ဒေသတွင်း တိုက်ပွဲအခြေအနေတွေ ဆွေး နွေးဖို့ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား နောက်ထပ် ၂ ကြိမ် တွေ့ဆုံခဲ့ကြခဲ့ပေမယ့် ဘာရလဒ်မှ မထွက်ဘဲ ဇွန် ၂၅ ရက်နေ့မှာတော့ ၁၀၂၇ စစ်ဆင်‌ရေး တစ်ကျော့ပြန်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ICDPC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.