သရက်၊ ဇူလိုင် ၂၉

မကွေးတိုင်း သရက်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ ဆေးဝါးကုသခွင့် မရတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

သရက်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုညီညီဟာ သွေးတိုးရောဂါ ခံစားနေရပြီး အရေးပေါ်ဆေးဝါးကုသပေးဖို့ ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေက အကူအညီတောင်းခံခဲ့ပါတယ်။

ဒါပေမယ့် အကျဉ်းဦးစီးဝန်းထမ်းတွေက အကျဉ်းသားဆေးမှူးတစ်ဦးကို ခေါ်ဆောင်ခဲ့ပြီး စစ်ဆေးခဲ့ရာ သွေးပေါင်ချိန်ဟာ အရမ်းမြင့်နေပြီး ပြင်ပဆေးရုံကို အချိန်နဲ့တစ်ပြေးညီ မပို့ဆောင်ခဲ့တာကြောင့် ဇူလိုင် ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးခဲ့ရတယ်လို့ PPNM က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုညီညီဟာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)/ ၅၁(ဂ)တို့နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
သရက်အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ထောင်ဆရာဝန်တွေနဲ့ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ အချိန်နဲ့တပြေးညီ ဆေးဝါးစောင့်ရှောက်မှုမရလို့ သေဆုံးခဲ့ရတဲ့ ကိုညီညီနဲ့ ပက်သတ်ပြီး ပြည်သူ့အစိုးရ တက်လာချိန်မှာ တာဝန်ခံရမယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၁၁၂ ဦးရှိပြီး အဲ့ဒီထဲမှာ ကိုးထောင်ကျော်ဟာ မတရား ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.