မော်လမြိုင် ၊ ဇူလိုင် ၃၀

တရိပ်ရိပ်နဲ့ ထပ်မံမြင့်တက်လာတဲ့ ပြည်တွင်း မီးလင်းအခေါက်ရွှေဈေးနှုန်းဟာ ဇူလိုင်နောက်ဆုံးအပတ်မှာတော့ တစ်ကျပ်သားကို ကျပ် ၆၅ သိန်းကျော်အထိ စံချိန်တင်မြင့်တက်တယ်လို့ ရွှေလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရွှေဈေးနှုန်းဟာ ဒေါ်လာနဲ့နိုင်ငံခြားငွေဈေးတွေ အဆမတန်မြင့်တက်လာတာ၊ မြန်မာငွေတန်ဖိုး ဆက်တိုက်ထိုးကျလာတာ၊ ဘဏ်တွေအပေါ် ပြည်သူလူထု ယုံကြည်မှုကျဆင်းလာတာ၊ စစ်ကောင် စီရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဈေးနှုန်းထိုးတက်လာတာပါ။

မြန်မာငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပေမယ့် ဈေးကွက်အတွင်းမှာတော့ ရွှေဝယ်ယူစုဆောင်းသူတွေ ပိုများလာပြီး ဝယ်လိုအားဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ရွှေဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာရတာဟာ မြန်မာငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေတန်ဖိုး ဆက်တိုက်ထိုးတက်လာတာ၊ ဘဏ်တွေအပေါ် စစ်ကောင်စီရဲ့ အ ရေးယူမှုနဲ့ အဓိကသက်ဆိုင်နေတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအခြေအနေကြောင့် မြန်မာငွေတန်ဖိုးက ဆက်တိုက်ကျနေတာပေါ့နော်။ ဒီရွှေဈေးတင် မဟုတ်ဘူး၊ ဒေါ်လာဈေး၊ ဘတ်ဈေး၊ စင်္ကာပူဒေါ်လာ၊ အိန္ဒိယရူပီးတွေက ဆက်တိုက်မြင့်တက်နေပြီးတော့ မြန်မာငွေဈေးက ဆက်တိုက်ကျတာပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်တော့ ဒီအခုနစက စစ်ရှုံးတာနဲ့လည်းဆိုင်တာပေါ့။ သူစစ်ရှုံးတော့ ပြည်သူတွေက ဒီနိုင်ငံရေးအပေါ်မှာ ယုံကြည်မှုမရှိတော့ဘူး၊ မြန်မာငွေကို ယုံကြည်မှုကျဆင်းလာတယ်။ နောက်ပြီးတော့ ဘဏ်လုပ် ငန်းရှင်တွေကို ခေါ်ပြီးတော့ စစ်ဆေးတာတွေနဲ့လည်း ဆိုင်တယ်။ အဓိကတော့ ဒီနိုင်ငံရေးနဲ့ ဘဏ်ကိစ္စတွေကြောင့် ဖြစ်သွားတာနော်”လို့ ဆိုပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာပြီးနောက် ရွှေဆိုင်တွေကို စစ်ကောင်စီက စောင့်ကြည့်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် တရားဝင်ဈေးကွက်အတွင်း အရောင်းအ ဝယ် မလုပ်တော့ဘဲ မှောင်ခိုရောင်းဝယ်မှုတွေသာ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပေမယ့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက တော့ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၄၆ သိန်းကျော် ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ရွှေဈေးနှုန်း မြင့်တက်အောင် လုပ်ဆောင်တယ်ဆိုပြီး ရွှေအ ရောင်းအဝယ်ပြုလုပ်သူ ၂၁ ဦးကို ဖမ်းဆီးခဲ့သလို နာမည်ကြီး ရွှေဆိုင်တွေ ဖြစ်တဲ့ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်အပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးကိုလည်း ပြီးခဲ့တဲ့ ဇွန်၂ ရက်နေ့က ဖမ်းဝရမ်း ထုတ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းရွှေဈေးနှုန်းဟာ NLD အစိုးရလက်ထက်က တစ်ကျပ်သား ကျပ် ၁၃ သိန်းဝန်းကျင်သာရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ ၅ ဆ နီးပါး ဈေးနှုန်းမြင့်တက်လာပြီး ဈေး နှုန်းမတည်ငြိမ်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.