သထုံ၊ ဇူလိုင် ၂၉

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်လမ်းပိုင်းဖြစ်တဲ့ ဘားအံ – သထုံကားလမ်းမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့အတွက် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်ထားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်‌ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သံလွင်မြစ်ရေနဲ့ဒုံသမိချောင်းရေ မြင့်တက်နေတာကြောင့် ဘားအံ – သထုံကားလမ်းပေါ်က မြိုင်ကလေးနဲ့ ဒုံသမိဘက်ခြမ်းက နေရာ ၄ ခုထက်မနည်း လမ်းရေကျော်မှု ဖြစ်ပွားနေတာပါ။

“မြိုင်ကလေးဘက်ခြမ်းမှာဆို ၃ နေရာလောက်ရှိတယ်။ သထုံဘက်ခြမ်းမှာ နှစ်နေရာလောက်ကျော်တယ်။ အနည်းဆုံး ၂ ပေခွဲ ၃ ပေလောက်ရှိနိုင်တယ်။ ကားကြီးတွေကအစ သွားလာလို့မရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ မနက် ၁၀ နာရီကျော်ထိရေပြန်မကျသေးတာကြောင့် ကားတွေဖြတ်သန်းသွားလာတာတွေလုပ်လို့မရသေးဘူးလို့ ဆိုပါတယ်။

ကားလမ်းရေကျော်နေတာကြောင့် ဘားအံ – သထုံကားလမ်းပေါ်မှာ ခရီးသွားကား ၁၀၀ နီးပါးဟာ မြိုင်ကလေးနဲ့သထုံဘက်ခြမ်းတွေမှာ ပိတ်မိနေတာတွေရှိနေပါတယ်။

ရေကြီးရေလျှံမှုကြောင့် မြိုင်ကလေးဘက်ခြမ်းမှာ ကျေးရွာပေါင်း ၂၀ နီးပါးနဲ့သထုံဘက်ခြမ်းမှာ ကျေးရွာ ၁၀ ရွာကျော်ရေနစ်မြုပ်နေပြီး ဒေသခံ‌ ထောင်နဲ့ချီ ရေဘေးလွတ်ရာအမြင့်ပိုင်းတွေမှာပြောင်းရွေ့နေထိုင်နေကြရပါတယ်။

ရေကြီး‌ရေလျှံမှုနဲ့အတူ သွားရေးလာ‌ရေး အခက်အခဲတွေကြောင့် ရေဘေးသင့်ပြည်သူတွေမှာ ရေသန့်နဲ့စားသောက်စရာလိုအပ်ချက်ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကစတင်ပြီး သံလွင်မြစ်ရေ၊ ဘီးလင်းမြစ်ရေ၊ တောင်ကျချောင်းရေတွေကြောင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က မြို့နယ်အနှံအပြားမှာ ရေကြီးနစ်မြုပ်တာတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.