မော်လမြိုင် ၊ ဇူလိုင် ၂၈

ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်းထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် လာမယ့်သြဂုတ်လကစပြီး လစဉ်ကျပ်သုံးသောင်း ထပ်တိုးပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

အခုလို အပိုထောက်ပံ့ကြေး ထပ်တိုးပေးရတာဟာ ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေ နိုင်ငံ တော်တာဝန်ထမ်းဆောင်ရာမှာ စားဝတ်နေရေးနဲ့ သက်သာချောင်ချိရေးကို အထောက်အကူ ဖြစ်စေဖို့လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဝန်ထမ်းတွေကို လက်ရှိလ စာအပြင် အပိုထောက်ပံ့ကြေးအဖြစ် ကျပ်သုံးသောင်းတိုးပေးခဲ့ပြီး အခုဆိုရင် လစဉ်ထောက်ပံ့ ကြေး ကျပ်ခြောက်သောင်းအထိ ရှိလာခဲ့တာပါ။

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီက အပိုထောက်ပံ့ကြေး တိုးပေးလိုက်တာဟာ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတွေတက်ဖို့အတွက် တွန်းအားပေးလိုက်တာဖြစ်သလို နောက် ဆုံး အခြေခံလူတန်းစားတွေအပေါ် ရိုက်ခတ်မှု ကြီးမားလာနိုင်တယ်လို့ ပြောပါတယ်။

“သူကတော့လေ ဒီကောင်က တိုးတယ်ဆိုရင်တော့ တဖက်ကလည်း သူ့ရဲ့ထုံးစံအတိုင်းပဲ ကုန်ဈေး နှုန်းက လိုက်တက်လာမယ်။ ငွေကြေးဖောင်းပွမှု ပြဿနာပဲ ပြန်ပြီးတော့ ညွှန်းရမှာပေါ့။ ဒီငွေရဲ့ပမာဏကြောင့် ကုန်ဈေးနှုန်း တက်လာမှာမဟုတ်ဘူး။ တိုးပေးတယ်လို့ အသံကြားတာနဲ့ ဒါကုန် ဈေးနှုန်းတက်ဖို့အတွက်ကို တွန်းအားပေးသလို ဖြစ်သွားတာ။ အခြေခံလူတန်းစားတွေမှာတော့ ရိုက်ခက်မှုက ပိုပြီးတော့ ကြီးလာတာပဲလေ။ နောက်ဆုံး ထိခိုက်တာကတော့ အောက်ခြေလူတန်း စားမှာပဲ အဓိကသွားပြီး သက်ရောက်တာ”လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေကို ထောက်ပံ့ကြေးပေးဖို့အတွက် ငွေစက္ကူအသစ်တွေ ထပ်မံ ရိုက်နှိပ်လာပါက ငွေကြေးဖောင်းပွမှု ပိုမိုဖြစ်လာမှာဖြစ်သလို ငွေတန်ဖိုးတွေ ဆက်တိုက်ကျဆင်းပြီး အစစအရာ ရာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

CDM ဝန်ထမ်းတစ်ဦးကလည်း စစ်ကောင်စီ ထပ်မံထောက်ပံ့ပေးတဲ့ ကျပ်သုံးသောင်းဟာ လက်ရှိကုန်ဈေးနှုန်းတွေကြောင့် အရာထင်မှာမဟုတ်ပေမယ့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ထပ်မံခံစားရနိုင်တယ်လို့ သူအမြင်ကို ပြောပါတယ်။

“သူတို့ အခုဆိုရှားပါးစရိတ်တိုးတာ နှစ်ခါကြားတယ်ပေါ့နော်။ သုံးသောင်း သုံးသောင်းနှစ်ခါပေါ့။ တကယ်တမ်းက ဒီသုံးသောင်းက ဘာမှလုပ်လို့ မရဘူး။ အဲဒီသုံးသောင်း တိုးလာပြီးတော့ မနက်ဖြန် သဘက်ခါဆိုရင် လိုက်တက်လာအုံးမှာ ကုန်ဈေးနှုန်းက။ ဆိုတဲ့အခါကျတော့ ဘာမှလည်း ထူးထွေပြီးတော့ မရှိပါဘူး။ ဘာမှအကျိုးမရှိဘူးလေနော်။ သုံးသောင်း တိုးပေးတာကို Nonတွေတောင် ပျော်နေမယ်မထင်ဘူး။ ဝမ်းသာမယ်လို့တောင် မထင်ဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီက Non CDM ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးပေးတာဟာ လက်ရှိစစ်ရေးမှာ ရှုံးနိမ့်နေတဲ့အတွက် သူတို့ရဲ့ ဝန်ထမ်းတွေ CDM မလုပ်အောင် ဖြစ်နိုင်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း CDM ဝန်ထမ်းတွေကို ပြန်ခေါ်နေတာကြောင့် CDM ဝန်ထမ်းတွေကို စွဲဆောင်ဖို့ အတွက်လည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ကာလဟာ အားလုံးကျပ်တည်းနေချိန်မှာ ကုန်ဈေးနှုန်း ကျဆင်းအောင် မလုပ်ဆောင်ဘဲ ထောက်ပံ့ကြေး အနည်းငယ် တိုးပေးလိုက်ယုံနဲ့ ဝန်ထမ်းတွေ အဆင်ပြေလာမှာ မဟုတ်သလို အဲ့ဒီရဲ့ နောက်ဆက်တွဲ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ပိုခံစားရမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ရန်ကုန်၊ မန္တလေးအတွင်းရှိ ပုဂ္ဂ လိက လုပ်ငန်းတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို လစာတိုးပေးတဲ့ အကြောင်းအရာတွေကို လူမှုကွန် ရက်စာမျက်နှာမှာ ဖော်ပြတဲ့အပေါ် မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုပြီး ဖမ်းဆီးအရေး ယူတာတွေ လုပ်ဆောင်ခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကြာကာလအတွင်း မြန်မာ့ငွေကြေးတန်ဖိုး အဆမတန် ကျဆင်းလာမှုနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေအပြင် ပြည်သူတွေအားလုံး အလူးအလဲ ခံစားနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.