လားရှိုး၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်လိုက်ပြီလို့ ကြေညာပြီးနောက် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့က မိသားစုဝင်သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့သလို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နောက်ထပ်အရပ်သား သုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့လည်း ထိ ခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာတော့ ရှမ်းမြောက်ကတိုက်ပွဲတွေမှာ တော်လှန်ရေးအင်အား စုတွေက အရပ်သားပြည်သူတွေရဲ့ နေရာတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာနဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၈ ဦးသေဆုံးခဲ့ပြီး ၄၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်မ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.