ရေး၊ ဇူလိုင် ၂၈

မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့ကျေးရွာမှာ ဇူလိုင်၂၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို ဒေသခံတွေထံက သိရပါတယ်။

ကနင်ကမော့ကျေးရွာ ဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀ ကျော်နဲ့ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF တပ်ဖွဲ့တွေဝင်ရောက် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက်အတိအကျ မသိရသေးပါဘူး။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကနင်ကမော့ကျေးရွာဟာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း လမိုင်းမြို့ မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၆ နဲ့ပူးပေါင်းတပ်အင် အား ၈၀ ကျော် စစ်ကူပို့ဆောင်ခဲ့သလို ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက် ကြီး အဆက်မပြတ်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KNU အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ် ဖွဲ့ တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန် လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကနင်ကမော့တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ကနင်ကမော့တိုက်ပွဲကြောင့် ရေး – ထားဝယ်လမ်းပိုင်းမှာ ကားအစီရေ ရာနဲ့ချီပိတ်မိခဲ့ပြီး နေ့လည်ပိုင်းလောက်မှသာ ပြန်လည်သွားလာကြတယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း ရေးမြို့နယ် စံပြကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကောင်စီတပ်သားသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့ဘက်က အရှင်ဖမ်းဆီးရမိခဲ့သလို လက် နက်ခဲယမ်းတချို့ လည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ နယ်မြေပြန်လည်စိုးမိုးရေးအတွက် ပြီးခဲ့တဲ့ဇူလိုင် တတိယအပတ်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.