ဝါရှင်တန်၊ ဇူလိုင် ၂၇

ဟားမာ့စ်နဲ့ အစ္စရေး စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ ရောမမြို့ ဆွေးနွေးပွဲတွေဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ညာဟုက ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဂါဇာက ဝမ်းနည်းစရာ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေမှာ မဟုတ်ဘူးဆိုတဲ့ အမေရိကန် ဒုသမ္မတ ကာမယ်လာ ဟားရစ်ရဲ့ ပြောဆိုမှုကိုတော့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြန်လည် ချေပထားပါတယ်။

အမေရိကန် သမ္မတ ဘိုင်ဒန်၊ ဒုသမ္မတ ဟားရစ်တို့နဲ့ ဝါရှင်တန်မှာ ဆွေးနွေးခဲ့ပြီးနောက် ဖလော်ရီဒါပြည်နယ်ရှိ ဒေါ်နယ်ထရန့် နေအိမ်သို့ သွားရောက် ဆွေးနွေးချိန်မှာ နေတန်ညာဟုက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အစ္စရေးကြား သဘောထား ကွဲလွဲမှုတွေ ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်နေတယ်လို့ အမေရိကန် အစိုးရက ပြောဆိုထားပါတယ်။

ဂါဇာမှာ အရပ်သား ပြည်သူတွေ ထိခိုက်ခံစားနေရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ သဘောတူညီမှု တစ်ရပ် ရယူဖို့ လိုအပ်နေပြီလို့ ဒုသမ္မတ ဟားရစ်က ပြောပါတယ်။

အစ္စရေး အနေနဲ့ လုံခြုံမှုရှိတဲ့ အနေအထား တစ်ခုနဲ့ စစ်ပွဲကို အဆုံးသတ်ပြီး ဓားစာခံတွေကို ပြန်လွှတ်ပေးရမှာ ဖြစ်သလို ပါလက်စတိုင်းသားတွေအနေနဲ့လည်း ဂုဏ်သိက္ခာ ရှိရှိ၊ အခွင့်အရေး အပြည့်နဲ့ နေထိုင်ခွင့် ရရှိသင့်ကြောင်း ဒုသမ္မတ ဟားရစ်က ဆိုပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုက စစ်ရေးအရ ဖိအားပေးနေတာကြောင့် အပစ်ခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒုသမ္မတ ဟားရစ်အနေနဲ့ အမေရိကန်နဲ့ အစ္စရေးတို့အကြား သဘောထားအမြင် ကွဲလွဲမှု မရှိဘူးဆိုတာကို နားလည်ထားရမှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ဟားမာ့စ် ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှု စွပ်စွဲချက်နဲ့ ဖမ်းဝရမ်း ထုတ်ထားပါတယ်။

အစ္စရေး-ဟားမာ့စ် စစ်ပွဲ အဆုံးသတ်ရေး အီတလီနိုင်ငံ ရောမမြို့မှာ ကာတာ၊ အီဂျစ်နဲ့ အစ္စရေး ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပြီး အမေရိကန်က စီအိုင်အေ အကြီးအကဲကို စေလွှတ်မှာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲတွေကို ဇူလိုင် ၂၈ ရက်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.