လန်ဒန်၊ ဇူလိုင် ၂၄
ယူကရိန်းကို ကူညီတဲ့အတွက် အနောက်တိုင်းကို ရုရှားက လက်စားပြန်ချေဖို့ ကြိုးစားလာနိုင်တာကြောင့် ဗြိတိန်အနေနဲ့ ကြီးမားတဲ့ စစ်ပွဲအတွက် သုံးနှစ်အတွင်း အဆင်သင့် ဖြစ်နေရမယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆာ ရိုလီ ဝေါ်လ်ကာ က ပြောကြားလိုက်ပါတယ်။
ဗြိတိန်စစ်တပ်အနေနဲ့ ရန်သူတွေကို အမြစ်ပြတ်ရှင်းလင်းနိုင်ရေး ၂၀၂၇ ခုနှစ်မှာ စွမ်းရည် နှစ်ဆတိုးမြှင့်ပြီး ခေတ်မီအောင် လုပ်ဆောင်ဖို့ လိုအပ်နေကာ ဆယ်စုနှစ်အကုန်မှာတော့ သုံးဆ တိုးမြှင့်ရမယ်လို့ ဗြိတိန်စစ်ဦးချုပ်က ပြောလိုက်တာလည်းဖြစ်ပါတယ်။
ဗြိတိန်အနေနဲ့ စစ်ပွဲတစ်ပွဲကို တားဆီးနိုင်စွမ်းရှိအောင်၊ တိုက်ခိုက်နိုင်စွမ်းရှိအောင် သုံးနှစ်အတွင်း အဆင်သင့် ပြင်ထားရမှာ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့လက ရာထူးနေရာ စတင် လက်ခံပြီးနောက်ပိုင်း အဓိကထုတ်ပြန်ချက် တစ်ရပ်မှာ ဗိုလ်ချုပ် ဝေါ်လ်ကာက ပြောကြားထားတာပါ။
အခု ဆယ်စုနှစ် ဒုတိယထက်ဝက် ကာလအတွင်း ရုရှား၊ တရုတ်နဲ့ အီရန်တို့ဟာ အနောက်တိုင်းကို ဖိအားပေးရေးနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်ဆောင်ရေး စည်းလုံးသွားနိုင်တယ်လို့ စစ်ဦးစီးချုပ်က ပြောပါတယ်။
ရုရှားက ယူကရိန်းကို အနိုင်ရသွားရင်၊ တရုတ်က ထိုင်ဝမ်ကို ကျူးကျော် တိုက်ခိုက်ရင်၊ အီရန်က ပိုပြီး ရန်လိုလာရင် အလွန့်အလွန် အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်လာမယ်လို့ စစ်ဦးစီးချုပ် ဝေါ်လ်ကာက သတိပေးပါတယ်။
ဗြိတိန် စစ်တပ်ရဲ့ အင်အားနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေချိန်မှာ စစ်ဦးစီးချုပ်က အခုလိုမျိုး သတိပေးတာ ဖြစ်ပါတယ်။
စစ်ဦးစီးချုပ် ဝေါ်လ်ကာက တပ်အင်အား၊ ငွေအင်အား ပိုတောင်းတာမျိုး မဟုတ်ဘဲ တပ်ဖွဲ့ တစ်ဖွဲ့ချင်းစီအလိုက် စွမ်းရည် တိုးမြင့်အောင် လုပ်ဆောင်ဖို့ ပြောကြားတာ ဖြစ်ပါတယ်။
ဗြိတိန်အနေနဲ့ အိုင်ဒီယာ အဟောင်းတွေနဲ့ တိုက်ခိုက်နေရင်တော့ မိမိတို့ ရှုံးနိမ့်နိုင်ကြောင်း ဝေါ်လ်ကာက ပြောကြားထားပါတယ်။
Ref: The Telegraph