ဝါရှင်တန်၊ ဇူလိုင် ၂၂

ရီပက်ဘလစ်ကန်ပါတီကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်က လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သူရင်ဆိုင်ရမယ့် ဒုသမ္မတ ကာမယ်လာ ဟားရစ်ဟာ လက်ရှိ သမ္မတ ဘိုင်ဒန်ထက် အနိုင်ယူရပိုလွယ်ကူလိမ့်မယ်လို့ ဇူလိုင် ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ နုတ်ထွက်တော့မယ်လို့ ဒီမိုကရက်ပါတီ သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားခဲ့ပြီးနောက် ဒုသမ္မတ ကာမယ်လာ ဟားရစ်ကို ဒီမိုကရက်ပါတီဝင် အများစုက ထရန့်ကို အနိုင်ယူနိုင်မယ့်သူအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

သမ္မတဟောင်း ထရန့်ကို အနိုင်ယူရေး ဘိုင်ဒန်ရဲ့ စိတ်ကျန်းမာရေးနဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး ဒီမိုကရက်တို့ဘက်က သံသယရှိခဲ့ပြီးနောက် သမ္မတ ဘိုင်ဒန်က ရွေးကောက်ပွဲ ဝင်ပြိုင်တော့မှာ မဟုတ်ကြောင်း ဇူလိုင် ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်က ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဒုသမ္မတ ဟားရစ်ကို လက်ခံ အတည်ပြုပေးထားပါတယ်။

ဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ရလောက်အောင် ကြံ့ခိုင်မှု မရှိသလို သမ္မတအဖြစ် တာဝန် ဆက်လက် ထမ်းဆောင်ဖို့ အတွက်လည်း ကြံ့ခိုင်မှု မရှိဘူးလို့ ထရန့်က လူမှုမီဒီယာမှာ ရေးသားပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဘိုင်ဒန်သာ သမ္မတထပ်ဖြစ်လာရင် မိမိတို့ အများကြီး ထိခိုက်ခံစားရမှာ ဖြစ်ပြီး သူအချိန်တိုအတွင်း လုပ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို မိမိတို့က ပြန်လည် ပြုပြင်ဖာထေးပေးသွားမှာ ဖြစ်ကြောင်းလည်း ထရန့်က ပြောပါတယ်။

ဂျိုးဘိုင်ဒန် နုတ်ထွက်သွားပြီးနောက် ထရန့် အနေနဲ့ ဟားရစ်နဲ့ ယှဉ်ပြိုင်ရမှာကြောင့် ထရန့်ရဲ့ မဲဆွယ်ရေး အကြံပေးတွေနဲ့ မဟာမိတ်တွေက ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

ဘိုင်ဒန်ဟာ မကြာခဏ ချော်လဲတာအပြင် စကားပြောရာမှာလည်း လေးကန်မှုတွေ ရှိခဲ့ပြီး နေတိုး အဖွဲ့ အစည်းအဝေး လက်ခံကျင်းပချိန်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဆိုပြီး မှားယွင်း မိတ်ဆက်ခဲ့ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ရွေးကောက်ပွဲက နုတ်ထွက်ရေး သူ့ရဲ့ ဒီမိုကရက် မဟာမိတ်တွေ ကိုယ်တိုင်က ဖိအားပေးခဲ့ပါတယ်။

ရွေးကောက်ပွဲက နုတ်ထွက် မထွက် သူ့ရဲ့ မိသားစုက တိုင်ပင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပေမယ့် အိမ်ဖြူတော်က ငြင်းဆိုသွားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.