မော်လမြိုင် ၊ ဇူလိုင် ၁၃

မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် သတ်ဖြတ်ခံရသူ ၇၀ ကျော် ရှိတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဇူလိုင် ၁၂ ရက်‌နေ့မှာ ထုတ်ပြန်တဲ့ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းမှုအစောပိုင်းကာလနဲ့ နှိုင်းယှဉ်ရင် အခုနှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေက သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူအများစုဟာ စစ်ကောင်စီရဲ့ တရားလက်လွှတ်ဖမ်းဆီးခံရတာနဲ့ လက်နက်ကြီးအပါအဝင် ထိတ်လန့်ဖွယ်ကောင်းတဲ့ လေကြောင်းရမ်းသမ်းတိုက် ခိုက်ခံရမှုတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် သတ်ဖြတ်ခံရတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျုးလွန်ခံရတာနဲ့ အိုးအိမ်စည်းစိမ် လုယက်ခိုးယူ ပျက်စီးခံရတာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို ကြုံတွေ့နေရတာလို့ အစီရင် ခံစာက ဆိုပါတယ်။

လဂွန်းအိမ်စာစဉ်ကနေ ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခုနှစ် ၆ လတာအတွင်း စစ်ကောင်စီကြောင့် ဖမ်းဆီးခံရသူ ၇၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၈ ဦးနဲ့ သတ်ဖြတ်ခံရသူ ၇၂ ဦး အထိ ရှိပါတယ်။

အဲဒီ ဖမ်းဆီး၊ ထိခိုက်ဒဏ်ရာရတာနဲ့ သတ်ဖြတ်ခံရသူတွေဟာ မတ်၊ မေ နဲ့ ဇွန်လအတွင်း အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က စစ်ရေးပြင်းထန်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ကျိုက်မရောနဲ့ ရေးမြို့နယ်တို့က အများစုခံရတာပါ။

တစ်ဘက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၃၀ ကျော်ရှိပြီး ကျိုက်မရောမြို့နယ်ဟာ ၁၉ ကြိမ်နဲ့ အများဆုံးခံရကာ ရေးမြို့နယ်မှာတော့ ဒုတိယအများဆုံး ၉ ကြိမ် ခံခဲ့ရပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်မှုကလည်း ၇၆ ကြိမ်ထက်မနည်းရှိနေပြီး လေကြောင်းနဲ့ လက်နက် ကြီးကြောင့် လူနေအိမ် ၅၃၀ ကျော် ထိခိုက်ပျက်စီးပြာကျခဲ့ရတဲ့အပြင် ဘာသာရေးအဆောက်အအုံ ၈ လုံးကျော်လည်း ပါဝင်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလို လုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ ကျူးလွန်မှုကနေ ကင်းလွတ်ခွင့်ဓလေ့ဆိုးတွေကို အမြန်အဆုံးသတ်နိုင်ရေး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတွေအထိရောက်ရှိအောင် ပံ့ပိုးပေးဖို့ လဂွန်းအိမ်က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.