မြဝတီ၊ ဇူလိုင် ၁၂

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ လောင်းကစားဂိမ်းရုံတွေအားလုံး ပိတ်သိမ်းဖို့ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ KNU/KNLA PC နဲ့ DKBA တပ်ဖွဲ့တို့က ဇူလိုင် ၁၀ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြဝတီမြို့ပေါ်က လောင်းကစားဂိမ်းဆိုင်တွေ ပိတ်သိမ်းဖို့၊ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း မူးယစ်ဆေး ဝါးနဲ့ လောင်းကစားလုပ်ငန်းတွေမှာ မပြုလုပ်ဖို့ တားမြစ်ထားတဲ့အတွက် အမိန့်မနာခံဘဲ ဖောက် ဖျက်ပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

KNU/KNLA PC ၊ BGF၊ DKBA တပ်တို့ သွားလာလှုပ်ရှားနေတဲ့ မြဝတီမြို့ပေါ်မှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ အများအပြားရှိနေခဲ့ပြီး အဲဒီမူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေကို လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆက်စပ်နီးစပ်သူတွေ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ခဲ့ကာ လောင်း ကစားရုံတွေကိုလည်း လက်နက်ကိုင်တပ်ဖွဲ့တွေကပင် လုံခြုံရေးပေးပြီး စောင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို KNU/KNLA PC ၊ DKBA တပ်တို့ ကိုယ်တိုင် လောင်းကစားဂိမ်းရုံတွေကို ပိတ်သိမ်းဖို့နဲ့ တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါး၊ လောင်းကစားကိစ္စရပ်တွေမှာ မပြုလုပ်ဖို့ တားဖြစ်ထားတဲ့ ကြေ ညာချက်ထုတ်ပြန်လိုက်တာဟာ ရယ်စရာသာဖြစ်နေတယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။

KNU/KNLA PC နဲ့ DKBA တပ်ဖွဲ့တို့က လောင်းကစားရုံတွေကို ပိတ်သိမ်းဖို့ ကြေညာချက်ထုတ်ပြန်လိုက်ပြီးတဲ့နောက် မြို့ပေါ်မှာရှိတဲ့ လောင်းကစားဂိမ်းဆိုင်အချို့ကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ် ဆောင်ခဲ့ရာ ဂိမ်းဆိုင်တွေထဲကနေ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရရှိခဲ့သလို လောင်းက စားဆိုင်တချို့လည်း ပိတ်သိမ်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA PC နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်DKBA တို့ဟာ အပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပြီး အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်ဆွေးနွေးနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.