လန်ဒန်၊ ဇူလိုင် ၉

ရွေးကောက်ပွဲအနိုင်ရ လေဘာပါတီက ဝန်ကြီးချုပ်ဟောင်း ရစ်ရှီ ဆွန်နက်ရဲ့ ရဝမ်ဒါ အစီအစဉ်ကို ပယ်ဖျက်ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ တစ်သိန်းကို ခိုလှုံခွင့် လျှောက်ထားခွင့် ပြုသွားမယ်လို့ လက်ရှိ ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရဝမ်ဒါနိုင်ငံကို ပို့ဆောင်ဖို့ သတ်မှတ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၉၀၀၀၀ လောက်ဟာ ခိုလှုံခွင့် လျှောက်ထားခွင့် ပြုသွားမယ့် လူပေါင်း ၁၀၂၀၀၀ ထဲ ပါဝင်လာမှာ ဖြစ်ပါတယ်။

လေဘာပါတီခေါင်းဆောင် ကီယာ စတာမာ ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်း ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့ ပထမဆုံး လှေတစ်စီး ဗြိတိန်သို့ ရောက်ရှိလာချိန်မှာ အခုလိုမျိုး ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နောက်ဆုံးလှေ ရောက်ရှိလာမှုနဲ့အတူ အခုနှစ် ဗြိတိန်ကို ရေလက်ကြား ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ အခုအချိန်အထိ စုစုပေါင်း ၁၃၆၀၀၀ ရှိလာပြီဖြစ်ပြီး ဒါဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ပိုင်းအများဆုံး အရေအတွက် ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၂ ခုနှစ်က ဝင်ရောက်လာသူ အရေအတွက်ထက် ၃ ရာခိုင်နှုန်း ပိုများနေပြီး ၂၀၂၃ ခုနှစ်ကထက် ၈ ရာခိုင်နှုန်း ပိုများနေတဲ့ အရေအတွက် ဖြစ်ပါတယ်။

အရင် ကွန်ဆာဗေးတစ်ပါတီအစိုးရ လက်ထက်ကဆိုရင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ခိုလှုံခွင့် ရ၊မရ မသေချာဘဲ စောင့်နေခဲ့ရသလို အခွန်ထမ်း ပြည်သူတွေရဲ့ ငွေနဲ့ ဈေးကြီးတဲ့ ဟိုတယ်တွေမှာ နေရာချထားခံခဲ့ရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကွန်ဆယ်ဗေးတစ်ဝန်ကြီးချုပ်ဟောင်း ရစ်ရှီ ဆွန်နက်က ရွှေ့ပြောင်းနေထိုင်သူတွေကို လေယာဉ်နဲ့ ရဝမ်ဒါနိုင်ငံသို့ ပို့ဆောင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

လေဘာပါတီရဲ့ အခုလုပ်ရပ်ကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေ ဗြိတိန်ကို ပိုမို ရောက်ရှိလာနိုင်ကြောင်း ယာယီ ပြည်ထဲရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလီက ပြောကြားထားပါတယ်။

လက်ရှိ ဗြိတိန်က ဟိုတယ်တွေမှာ နေရာချထားပေးထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃၆၀၀၀ ကျော် ရှိနေပြီး သူတို့ထဲက ထက်ဝက်ကျော်ဟာ ဗြိတိန်က ခိုလှုံခွင့်ပြုမှု ပိုများတဲ့ နိုင်ငံတွေက ရောက်လာသူတွေ ဖြစ်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေကို နေရာချထားပေးရတဲ့အတွက် တစ်နေ့တာ ကုန်ကျစရိတ်ဟာ ဗြိတိန်အခွန်ထမ်း ပြည်သူတွေရဲ့ ငွေ စတာလင်ပေါင် ၂ ဒဿမ ၉ သန်း ရှိပါတယ်။

ဒီလို ခိုလှုံခွင့်ပြုဖို့ ဆောင်ရွက်ရာမှာ ဗြိတိန်အနေနဲ့ ရေလက်ကြားကို လှေတွေနဲ့ ဖြတ်ကျော် ဝင်ရောက်လာသူတွေကိုလည်း တားဆီးရဦးမှာ ဖြစ်ပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.