ကိဗ်၊ ဇူလိုင် ၉

ယူကရိန်းနိုင်ငံတဝန်းက မြို့တွေအပါအဝင် ကိဗ်မြို့ရှိ ကလေးဆေးရုံ တစ်ခုကို ဇူလိုင် ၈ ရက်မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုဟာ အရပ်သားတွေကို မဆင်မခြင် တိုက်ခိုက်မှု ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြစ်တင် ရှုတ်ချပြီး လက်တုံ့ပြန်မယ်လို့ ကြွေးကြော်ထားပါတယ်။

ရှားရှားပါးပါး နေ့ခင်းကြောင်တောင် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ အိုခမတ်ဒါ ကလေးဆေးရုံမှာ အပျက်အစီးတွေကြား အသက်ရှင်ကျန်သူ ရှိလိုရှိငြား ဆေးရုံဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ အပါအဝင် စေတနာ့ဝန်ထမ်းတွေက အပျက်အစီးတွေကို တူးဖော်နေကြတာ မြင်တွေ့ခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းထောက်က ပြောကြားပါတယ်။

မြို့တော်အပြင် ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ မြို့ကြီး၊မြို့ငယ် ငါးမြို့ကို ရုရှားက ဒုံးကျည်တွေ တော်တော်များများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားက ဒုံးကျည် ၃၈ စင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူ ၃၉ ဦး အပြင် ဒဏ်ရာရသူ ၁၃၆ ဦး ရှိကြောင်း သိရပါတယ်။

ဒုံးကျည် အစင်း ၃၀ ကို လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောကြားထားပါတယ်။

သမ္မတ ဇီလန်စကီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပရေး တောင်းဆိုထားပြီး ရုရှားရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်ကြဖို့ ယူကရိန်းရဲ့ မဟာမိတ်တွေကို တိုက်တွန်းထားပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေး အကြီးအကဲတို့ကလည်း ပြစ်တင် ရှုတ်ချထားပါတယ်။
အမေရိကန်နဲ့ အီးယူတို့ကလည်း အရပ်သားတွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

ပြင်သစ်နဲ့ ကနေဒါတို့ကလည်း ရုရှားရဲ့ တိုက်ခိုက်မှုကို ကန့်ကွက် ရှုတ်ချထားပြီး ကလေးဆေးရုံကို တိုက်ခိုက်မှုဟာ အရိုင်းအစိုင်းတွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရုရှားက ကိဗ်မြို့ရှိ ထိခိုက်ပျက်စီးမှုဟာ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးစနစ်ကြောင့် ဖြစ်ရတာလို့ ပြန်လည် ချေပထားပါတယ်။

မိမိတို့ တပ်ဖွဲ့တွေက ယူကရိန်းရဲ့ စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေကိုပဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မော်စကိုအစိုးရက ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူနေအဆောက်အဦတွေလည်း ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောကြားထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.