နေပြည်တော် ၊ ဇူလိုင် ၁၀

နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်စစ်တွေကြောင့် စစ်အသုံးစရိတ် အများအပြား အသုံးပြုနေရတဲ့ စစ်ကောင်စီဟာ ဆုံးရှုံးနေတဲ့ အခွန်ငွေတွေကို အပြည့်အဝရရှိအောင် ကောက်ခံဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

အခွန်ငွေတွေ အပြည့်အဝရရှိရေးအတွက် ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် အခွန် ကောက်ခံမှု အထောက်အကူအပြုအဖွဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က နေပြည် တော်မှာ ပြုလုပ်ခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ကောက်ခံရမယ့် အခွန်ငွေတွေ လွတ်ကင်းမှုမရှိရေး ဝိုင်းဝန်းကြပ်မတ်ဖို့နဲ့ အခွန်ရငွေ တိုးတက်လာစေဖို့ သက်ဆိုင်ရာဌာနအပြင် ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေပါ အနီးကပ်ကြီးကြပ်ဖို့ ညွှန်ကြားလာပါတယ်။

အခွန်ငွေတွေ အပြည့်အဝကောက်ခံဖို့ ပြည်ထောင်စုအဆင့်အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အပါ အဝင် မြို့ နယ်အဆင့်ထိ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီလို့ စစ်ကောင်စီဘက်က ပြောဆိုလာတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီဘက်က အခွန်အပြည့်အဝ ရရှိအောင် ကြိုးပမ်းမှုဟာ နိုင်ငံအနှံ့တိုက်ပွဲတွေမှာ စစ်အသုံးစရိတ် မြင့်တက်မှုကြောင့် လိုငွေပြနေတဲ့ အခြေ အနေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခွန်တိုးကောက်တာ စစ်အသုံးစားရိတ်ကုန်ကျမှုတွေ များနေလို့ပဲ။ အဲဒီလိုများနေတဲ့အတွက် မြန်မာငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေမှုမှာလည်း စစ်ကောင်စီလက်ထက် ဘီလီယံသုံးသောင်းကျော်အထိရှိနေပါတယ်။ ဒီထက်ထပ်တိုး ထုတ်လို့လည်း မကောင်းတော့ပါဘူး။ ငွေစက္ကူထပ်တိုးမထုတ်ရင် ဘာလုပ်ရမလဲဆို အခွန်တိုးကောက်ရမှာပဲလေ။ အဲဒီလုပ်ငန်းနှစ်ခုပဲရှိတာ။ ဒီတော့အခွန်တိုးကောက်တဲ့ဘက်ကို ရွေးချယ်လိုက်တဲ့သဘောပါပဲ” လို့ ဆိုပါတယ်။

နိုင်ငံအာဏာကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကစပြီး လက်ရှိအချိန်ထိ နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတော်လှန်စစ်ကို အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက မြို့ပေါင်း ၆၀ ထက်မနည်း လက်လွှတ်ဆုံးရှုံးထားရသလို တပ်ရင်းဌာနချုပ်တွေအပါအဝင်တပ်စခန်း ၂၅၀၀ နီးပါး သိမ်းပိုက်ခံထားရပါတယ်။

ဒါပေမယ့် နယ်မြေဆုံးရှုံးမှု များလာတဲ့ စစ်ကောင်စီကတော့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ အခွန်ငွေတွေ အပြည့်အဝရရှိအောင် ပြည်ထောင်စုအဆင့်ကနေ မြို့နယ်အဆင့်တွေအထိ ကြိုး ပမ်းလာတာပါ။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကတော့ စစ်ကောင်စီက အခွန်တိုးကောက်ဖို့ လုပ်ဆောင်တာဟာ သူတို့အတွက် ဝင်ငွေရရှိဖို့ ဖြစ်သလို အခွန်တိုးကောက်ပါက လုပ်ငန်းရှင်တွေက အမြတ်ထက်တင်မှာဖြစ်တဲ့အတွက် ပြည်သူတွေသာ ဒုက္ခရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီအခွန် တိုးကောက်လိုက်ရင် နိုင်ငံတော်ရဲ့ ဘဏ္ဍာဝင်ငွေရလိမ့်မယ်လို့ စစ်ကောင်စီက အဓိကသူတို့ အတွက် ဝင်ငွေရဖို့ပေါ့နော်။ သူတို့လက်နက်ဝယ်ယူရေး အတွက်တော့ အခွန်အခတွေ များစွာရနိုင်တယ်။ သူတို့လည်းပဲ လုပ်ငန်းရှင်ဘက်က ပြန်ကြည့်မယ်ဆိုရင် ဒီအခွန်အခတွေ များစွာပေးရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ဒီကုန်ဈေးနှုန်းတွေအပေါ်မှာလည်း ဒီအမြတ်တင်မှုမှာ ရာခိုင်နှုန်းပိုပြီးမှ ရာ ခိုင်နှုန်းများလာမယ်ပေါ့နော်၊ မြေပြင်မှာကျတော့ အဲဒီအခွန်အခပေးလိုက်ရတာနဲ့တန်အောင်အမြတ်ပြန်ပြီးမှ တင်ကြတာမျိုးတွေရှိနိုင်တယ်ပေါ့နော်။ အဲဒီတော့ တကယ့်တကယ် ဒုက္ခရောက်တာက ပြည်သူတွေပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အခွန်ပိုမိုရရှိအောင် လုပ်ဆောင်ရတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းဟာ ဥပဒေအရ ပေးဆောင်ရမယ့် အခွန်အကောက်တွေကို ပေးဆောင်ဖို့ တာဝန်ရှိတယ်လို့ အကြောင်းပြပါတယ်။

အဲဒီဥပဒေရဲ့ ဇယား ၁ အရ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန် အပါအဝင် ဥပဒေနဲ့သက်ဆိုင်တဲ့ အခွန်အခတွေကို ပြည်ထောင်စုအဆင့်အပြင် ဇယား ၅ ပါ အခွန်အခတွေဖြစ်တဲ့ မြေ ယာခွန်၊ ယစ်မျိုးခွန်အပါအဝင် တခြားအခွန်အခတွေကိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကောက်ခံနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတစ်ဦးကတော့ စစ်ကောင်စီက အခွန်တိုးကောက်ပါက သုံးစွဲသူ ပြည်သူတွေသာ နစ်နာမှာဖြစ်ပြီး လက်ရှိဒီကာလမှာ ပိုက်ဆံရှာရတာလည်း ခက်ခဲသလို ကုန်ဈေးနှုန်းတွေကလည်း တက်နေတဲ့အချိန်မှာ အခွန်တိုးကောက်ပါက နှစ်ဆင့်ခက်ခဲလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“အခွန်တိုးကောက်လိုက်တော့ ကျွန်တော်တို့သုံးစွဲသူကို ထိမှာပေါ့။ ကုမ္ပဏီတွေမှာ လုပ်ငန်းတွေမှာ တိုးကောက်ရင် ကုမ္ပဏီတွေ လုပ်ငန်းတွေကလည်း ဘယ်လိုပဲပြောပြော သုံးစွဲသူဆီကပဲ ပြန်ယူမှာလေ။ ပြန်ယူမှာဖြစ်တဲ့အတွက် သုံးစွဲသူတွေပဲ အကုန်လုံးက နစ်နာရတယ်။ သုံးစွဲသူနစ်နာတဲ့အ တွက် ပြည်သူတွေဖြစ်တဲ့ အကုန်လုံးက ကျပ်တည်းသွားတယ်ပေါ့။ ရှာရခက်တဲ့အချိန်မှာ ဒီအခွန်ခပါ တိုးပြီးတော့ ထပ်စောင်းပြီးပေးနေရရင် အဆင်မပြေတာတွေ ဖြစ်လာပြီးပေါ့။ သုံးစွဲသူပြည်သူတွေအနေနဲ့လည်း ပိုပြီးတော့ ခက်ခဲတာပေါ့။ ဒီခေတ်ဒီကာလမှာ ပိုက်ဆံရှာရတာ ခက်နေတဲ့အချိန်မှာ အရာရာကလည်း ကုန်ဈေးနှုန်းတွေတက်နေတဲ့အချိန်မှာ အခွန်ကပါထပ်လာတော့ ခက်ခဲသွားတာပေါ့။ နှစ်ဆင့်ခက်ခဲသလို ဖြစ်တာပေါ့”လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ ၂၀၂၃ – ၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ အမြင့်ဆုံးအသုံးပြုခဲ့ပြီး ဒီပမာဏဟာ စစ်တပ်သမိုင်းတလျှောက် အများဆုံးပမာဏလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီဟာ အာဏာသိမ်းသုံးနှစ်အတွင်း စစ်အသုံးစရိတ်အတွက် ငွေစက္ကူကျပ်ဘီလီယံ ၃၀,၀၀၀ ကျော် ရိုက်နှိပ်ထုတ်ဝေခဲ့တဲ့အတွက် မြန်မာငွေတန်ဖိုးကျဆင်းလာတဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ ဇူလိုင်လဆန်းပိုင်းမှာ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.