မိုးကုတ်၊ ဇူလိုင် ၁

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ် မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တအာင်းတပ်မတော် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLA က ဇွန် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအနေနဲ့ ရှမ်းမြောက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA၊ မန္တလေး MDY-PDF နဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ရွှေမျက်ဝန်းတပ်စခန်းကို TNLA ပူးပေါင်းအဖွဲ့က ဇွန် ၃၀ ရက်နေ့ မနက် ၅ နာရီအချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီအချိန်ခန့်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မိုးမိတ်မြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ကင်းချောင်းစခန်းကို TNLA၊ PLA၊ PDF ပူးပေါင်းတပ်တွေက အဲဒီနေ့ ည ၈ နာရီအချိန်ခန့်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ခမရ ၆၀၆ တပ်စခန်းကို တအာင်းတပ်မတော် TNLA၊ DPLA၊ MDY-PDF ပူးပေါင်းအဖွဲ့တွေက အဲဒီနေ့ ညနေ ၄ နာရီအချိန်ခန့်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

တကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး” ခြောက်ရက်မြောက်ဖြစ်တဲ့ ဇွန် ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်း ၃၀ ကျော်ကို သိမ်းယူထားသလို ဗိုလ်မှူးအဆင့်အပါအဝင် ၅၀ ကျော် လက်နက်ချ အညံ့ခံထားတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.